Me + Malaysia = :(

တကယ့်တကယ်တော့ မလေးရှားနဲ့ ကျွန်တော် ဘာမှမဆိုင်ပါဘူးဗျာ…. ကျွန်တော်သွားစရာလဲ မလိုပါဘူး။ ဒါပေမယ့်ဗျာ တခါတလေ ကိုးလိုးကန့်လန့် ပေါက်ပေါက်ရှာရှာ ရှုပ်ရှုပ်ထွေးထွေး ဖြစ်တဲ့ နေရာမှာ ကံတရားကို ဘယ်သူမှ မမှီဘူး… သူလုပ်ထည့်လိုက်ရင် ပေါက်တတ်ကရကို ဖြစ်တော့တာပဲ။ ကြိုတင်ကြံစည်ရင်တောင်မှ လွဲချင်လွဲအုံးမယ်…

ကျွန်တော် စင်္ကာပူမှာ အလုပ်လာရှာတာ အလုပ်တော့ရပါရဲ့ ဒါပေမယ့် အလုပ်ရတဲ့အချိန်က နေထိုင်ခွင့်ကုန်ခါနီး။ အလုပ်ရထားပြီဆိုရင် နေထိုင်ခွင့်တိုးလို့ရပါရဲ့ ဒါပေမယ့် ကျွန်တော့်ရဲ့ HR Manager အသားမည်းမည်း စင်္ကာပူမ လေး လုပ်ပုံကတလွဲ… Data အလွဲတွေနဲ့လျှောက်တော့ ထက်အောင်ခမျာ

"မခွဲချင် ခွဲချင်ပဲရယ်နဲ့ ခွဲရတော့မယ် သူငယ်ချင်းတို့ရယ်…

ဆိုးချက်ကယ်နာ တကယ်ဆို မလိုပါပဲရယ်နဲ့

မ HR အသုံးမကျတာကြောင့်

စင်္ကာပူခွါ မလေးကို သွားရပြီလို့ နှုတ်ဆက်လေခြင်း "

အကြောင်းကြောင်းတွေကို ထားလိုက်ပါတော့လေ... မျက်စိမှိတ်ထားတုန်း အခွေရစ်တယ်လိုပဲ သဘောထားလိုက်ရအောင်.. ၀ှီး....

ကျွန်တော် နောက်ဆုံးရောက်နေတဲ့အခန်းက တိုက်ခန်းတစ်ခုရဲ့ ရှေ့မှာ.. အဲလေ မှားလို့ တိုက်တန်းလျား တစ်ခုရဲ့ ရှေ့မှာ... အထုတ်ကြီးဆွဲလို့

အဲဒီ တိုက်တန်းလျားကြီးက ဗျာ ရန်ကုန်က တိုက်ခန်းအဟောင်း အစုတ် ၃ ထပ် တိုက်တန်းလျားတစ်ခုကို ညစ်ညစ် ပတ်ပတ် နေရာတစ်ခုရွှေ့ထားသလိုပဲ။ ကြွက်ကြီးတွေကလည်း ဧည့်ဝတ်ကျေပွန်လိုက်ပုံများ နေခင်းဘက်တောင် ထွက်ကြိုနေလိုက်ကြသေးတယ်။ ရာသီဥတုကလည်း အိုက်စပ်ပူလောင်သော ရာသီဥတုနဲ့ ရေပုပ် ရေသိုးတွေကို နေလှမ်းလို ထွက်လာတဲ့ အနံ့တွေက ရေမြောင်း တစ်လျှောက်ကနေ နှာခေါင်းကို လူပျိုလှည့်နေတယ်။

အိမ်ပေါ်ကိုတက်တဲ့ လှေကားမှာ သော့က သုံးခါ ခတ်ထားတယ်။ ဖွင့်လိုက်ရတဲ့ သော့ဆိုတာ အထပ်ထပ် မင်းတုန်းမင်းတောင် သူ့မိဖုရားတွေ ဒီလောက် လုံလုံခြုံခြုံ ထားမှာ မဟုတ်ဘူး ဘာဖြစ်လို့လဲဆိုတော့ "For the safety" တဲ့ဗျာ။ Safety From Cop တဲ့

ဟာဗျာ... မြန်မာပြည်ကို လွမ်းလိုက်တာ...

"Oh..... very good, thank for remain me about my country" ဟဲ ဟဲ နောက်တာပါ....

ရဲကဆိုးလို့လား ဆိုတော့

"အိုဗျာ ပိုက်ဆံပေးလိုက်ရင် သွားတာပါပဲတဲ့ ...."

အိုး... တူပြန်ပြီ.. တူပြန်ပြီ...

သိပ်တော့မဆိုးဘူးဗျ၊ မြန်မာပြည်ပြန်ရောက်သလိုပေါ့နော်... ဒါပေမယ့် ခက်တာက မြန်မာပြည်မှာ က အိန္ဒိယနွယ်ဖွား တိုင်းရင်းသား တွေ ဘယ်လို Stay နဲ့နေမှန်း မသိခဲ့ဘူး.. ဒီမှာရှိတဲ့ မြန်မာပြည်သား ရွှေအမျိုးများကတော့ အိုဗာစတေး နဲ့ နှစ်ပါးသွားနေကြတာပါပဲ...

ပေးချင်တဲ့ သစ္စာ ပေးပါဗျာ.. ကျွန်တော် ဘ၀င်မမြင့်ပါဘူး ရွှေမျိုးအချင်းချင်း သူကဘယ်လို ငါက ဘယ်လို လို့လဲမရှိပါဘူး။ ကွန်ပျူတာပညာလေးနဲ့ အလုပ်လုပ်စားရတာနဲ့ (အခြားဟာ လည်း တတ်မှ မတတ်ဘဲ) ဒီအလုပ်နဲ့ ပတ်သက်ရင် ကိုယ့်ကို ကိုယ် ဘ၀င်မြင့်တာလေးပဲ (ဟဲ ဟဲ ကိုယ်ကို ကိုယ်ကျတော့ ဘ၀င်မြင့်တာလေးပေါ့ဗျာ... သူများဆို "အဖြစ်ကမရှိဘဲ သောက် ကြီးကျယ်တယ်လို့"ပြောမှာ) ။ သူများနိုင်ငံမှာ ပြသနာလဲ မတက်ချင်ဘူး ကျွန်တော့်ရှေ့မှာ မြန်မာတစ်ယောက် အောက်ကျ နောက်ကျ ဖြစ်နေတာလဲ မကြည့်ချင်ဘူး၊ ဒေါသထွက်တယ်၊ စိတ်မကောင်းဘူး၊ ဘာလို့များဒီလိုဖြစ်ရတာလဲလို့သာ မြန်မာပြည် သေပြည်တော်က "အင" တွေ ကြားအောင် အော်လိုက်ချင်တော့တယ်။

သြော်.. ဘယ်တတ်နိုင်မလဲဗျာ.. နေရတာပေါ့ဆိုပြီး အခန်းထဲသွားတော့ မျက်နှာကြက်က ပန်ကာကြီးက အော်လိုက်တာ မှ တကျီကျီ ကို နေတာပဲ၊ အခန်းထဲကို လေ၀င်လေထွက် မရှိလွန်းလို့သာ သုံးရတာ အားတောင် နာလာတယ်။ တစ်အိမ်လုံးကို တံခါးတွေ အထပ်ထပ်ပိတ် ပြီး ပြတင်းပေါက်ဆိုတာ တစ်ဘ၀ လုံးကြားဖူးပုံ မရတဲ့ အိမ်ရှင်ကုလား ဆီမှာနေရတဲ့ ဘ၀မှာ

အင်း ၀က်ဖြစ်မှတော့ မစင်မကြောက်တော့ပါဘူးဆိုတဲ့ စကားဟာ ကွက်တိပါပဲ...

အိုကေလေ ရပါတယ် နေကြတာပေါ့ ဆိုပြီး နေလိုက်ပါတယ်.. အခန်းထဲမှာ ပစ္စည်းလေးဘာလေး ထားပြီးတော့ ဧည့်ခန်း မှောင်တောင်တောင် (တကယ့်တော့ ဆိုင်းဘုတ်တတ်ထားသင့်တယ်၊ နို့မို့ သိမှ မသိနိုင်တာ) ရဲ့ တစ်ခုတည်းသော Publica ထိုင်ခုံ ပေါ်မှာထိုင်ရင်း ဟိုအကြောင်း ဒီအကြောင်းလေးတွေ ပြောကြရင်း ပိုပိုသိလာတယ်။ ရွှေမျိုးတွေဗျာ တစ်ခန်းကို ၃ - ၄ ယောက် လောက်နေကြရတာ၊ အခန်းကဖြင့် ကြွက်တွင်းသာသာရှိတာ.. တခါတလေ ညဘက်တစ်ယောက် ယောက်ထွက်လာရင် ကြွက်လား လူလား မနည်းကြည့်ရတယ် (ကြွက်ကလူလောက်ရှိပြီး လူနေတဲ့အခန်းက ကြွက်တွင်းသာသာဆိုတော့)။

တိုက်ခန်း က အလျား ပေ ၄၀၊ အနံ ၁၅ ပေ လောက်ရှိမယ်။ အဲဒီအကျယ်ကို တစ်ဝက်ဝက်ထားတယ်၊ တစ်ဖက်ကို ၁၇ ပေ လောက်စီ၊ တစ်ဖက်စီမှာ မျက်နှာချင်ဆိုင် ၄ ခန်းလောက်ကို မျက်နှာချင်းဆိုင် စီထားတယ်။ ခန့်မှန်းချေ တစ်ဖက်ကို ၈ ခန်းလောက်ရှိပါလိမ့်မယ်။ တစ်ဖက်ကို တံခါး တစ်ချပ်စီ ပိတ်ထားပြီး အလယ်မှာ တိုက်ခန်းအ၀င်တံခါး ရှိတယ်။ တံခါးက၀င်ဝင်ချင်း ၆ ပေလောက်ကျယ်တဲ့ အခန်းလေးရဲ့ အ၀င်အ၀မှာ လှေကားဖက်ကို ထုတ်ထားတဲ့ ရေချိုးခန်းနဲ့ အိမ်သာ ရှိတယ်။

ရေချိုးခန်းက ၃ ပေပတ်လည်လောက် ကျယ်မယ်ထင်တယ်။ အခန်းထဲမှာ ၂ ပေ မီးချောင်း ခပ်စုတ်စုတ်လေး တစ်ချောင်းက ဘေးနှစ်ဖက်စလုံး မည်းတူးပြီး အသက် တငင်ငင် နဲ့ ဖျတ်ဖျတ် ဖျတ်ဖျတ်.. ရေချိုးခန်းက တံခါးမှာ ၀က်အူ ပြုတ်နေတဲ့ တံခါးလက်ကိုင် တစ်ခုရှိပါတယ်။ ရေချိုးခန်း အထဲမှာ ကြွေပြားသေးသေးလေးတွေ ၃ ပုံ ၂ ပုံလောက်တပ်ထားတယ်။ ကျန်တဲ့ တစ်ပုံ ကတော့ အစောကတည်းက မရှိတာလား နောက်မှ ကွာသွားတာလား တော့ မသိဘူး။ ရေချိုးခန်းထဲမှာ ရေထုတ်ပိုက် မပါတဲ့ ဘေစင်တစ်ခု၊ ပလတ်စတစ် ပုံးတစ်လုံး လက်ကိုင်ပါတဲ့ ပလတ်စတစ် ရေခွက်တစ်လုံး၊ မှန်အကွဲတစ်ချပ်... နဲ့ ပိုးဟပ်များရှိကြပါတယ်။ ရေချိုးခန်းထဲကိုဝင်လိုက်ရင် ပူလောင်အိုက်စပ်မှုကို ခံစားရပြီး စိတ်မအီမသာနဲ့ ဘာမှန်းမသိတဲ့ မသန့်ရှင်းဘူးလို့ခံစားရတဲ့ အနံ့ တစ်ခုကို ရနေပါတယ်။

ရေချိုးခန်းရဲ့ ဘေးမှာတော့ ယောက်ျားလေးများ အပေါ့သွားရုံမှလွဲပြီးသုံးလို့ရပါတယ်လို့ ကျိန်ပြောရင်တောင် ယုံစရာမရှိတဲ့၊ ဒါပေမယ့်လည်း လူတိုင်းသုံးနေကြတဲ့ အိမ်သာတစ်လုံး ရှိပါတယ်။ ကျွန်တော့်စိတ်ထင် ၁ ပေခွဲသာသာအကျယ်နဲ့ ၂ ပေသာသာ အလျားရှိတဲ့ အခန်းလေးပါ။ ရေချိုးခန်းထက် ထူးခြားတာကတော့ သူရဲ့ သဘာဝအနံထွက်နေပြီး မီးအလင်းရောင် ဘာမှမရှိတာပါပဲ။

ခုနက ပြောခဲ့အတိုင်း တိုက်ခန်းက နှစ်ဖက်ရှိပါတယ်။ တစ်ဖက်ခြမ်းမှာ ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် နဲ့ ယင်ကောင် တစ်ချို့ ပိုးဟပ် များနဲ့ အိမ်မြှောင်တို့က ၀င်ပေါက်မှလွဲပြီး ဘာမှမရှိတဲ့ အခန်းလှောင်လှောင် ထဲမှာ နေကြပါတယ်။ ကျွန်တော်တို့ရဲ့ဘေးမှာတော့ ကျွန်တော်တို့အခန်းတ၀က်လောက် ရှိတဲ့ အခန်းကျဉ်းကျဉ်းလေး တစ်ခန်းကို လူနှစ်ယောက် နေကြပြီး၊ သူရဲ့ ဘေးမှာတော့ အတော် ပစိပစ်များပြီး ကျန်းမာရေး ကောင်းပုံ မရတဲ့ အင်ဒိုနီးရှားမကြီး တစ်ယောက်နဲ့ နောက်တစ်ယောက်တို့ နေပါတယ်။

ကျွန်တော်တို့ရဲ့ ရှေ့တည့်တည့်ခပ်နံနံ အခန်းမှာတော့ အင်ဒိုနီးရှားမတစ်ယောက်နဲ့ ညဖက်အလုပ်ဆင်းပြီး နေ့ဘက်အိပ်တဲ့ ဘာလူမျိုးမှန်းတောင်မသိရတဲ့ အမျိုးသမီး တစ်ယောက်တို့ တူတူနေကြပါတယ်။ နောက်ပြီး တစ်ဖက်မှာ မီးဖိုချောင်ရယ် နောက်ပြီးတော့ အိမ်ရှင်ဆိုတဲ့ အိန္ဒိယ နိုင်ငံသားနဲ့ သူရဲ့ရည်းစားဆိုသူတို့ရဲ့ အခန်းရှိပါတယ်။

အခြားတစ်ဖက်အခြမ်းမှာတော့ အားလုံး မြန်မာတွေချည်းပါပဲ။ အဆိုပါဘက်အခြမ်းရဲ့ ပြွတ်သိပ်နေတဲ့ အခန်း ၈ ခန်းထဲမှာ ပြွတ်သိပ်စွာ နေထိုင်ကြသော မြန်မာများ အများအပြားရှိသည် လို့ပဲ ပြောရမှာပဲ။ အားလုံးလိုလိုမှာ စားသောက်ဆိုင်များတွင် တစ်နေ့လျှင် ၁၂ နာရီ အလုပ်လုပ်ကြပါတယ်။ နံနက် ၈ နာရီမှ ည ၈ နာရီ၊ ည ၈ နာရီမှာ နံနက် ၈ နာရီ အချို့ဆိုလျှင် ညနေ ၃ နာရီမှ နံနက် ၃ နာရီ အမျိုးမျိုး အဖုံဖုံ အလုပ်လုပ် ကြပါသည်။ လုပ်ခမှာ ရင်းဂစ် ၉၀၀ (အများဆုံး)၊ စင်္ကာပူဒေါ်လာ ၄၅၀ ခန့် မြန်မာငွေ ၄၀၀,၀၀၀ ခန့်ရကြပါသည်။ အိမ်လခမှာ ရင်းဂစ် ၁၅၀ ပေးကြရပြီး။ ရဲနှင့်တွေ့ပါက ဆက်ကြေး ၂၀၀ ခန့်ပေးရသည်ဟု ပြောပါသည်။ အလုပ်လုပ်ခွင့် ပါမစ်ရှိသည့် တိုင်အောင် ရဲကို ပိုက်ဆံပေးကြရသေးသည်။ ကျွန်တော် အမှန်အတိုင်းပြောပြပါမည်။ နေ့ရှိသရွေ့ ကျွန်တော် စင်္ကာပူကို ပြန်ဖို့ကြိုးစားပါသည်။ ထိုအရာများကို ခံနိုင်ရည်မရှိပါ။ တစ်နေ့တစ်နေ့ ထမင်းစား အလုပ်လုပ်၊ အလုပ်ရှင် က မျိုးစုံဆဲဆိုသည်ကို သည်းခံ။ အချိန်ရလျှင် တစ်ချို့က အရက်သောက်၊ တစ်ချို့က မကောင်းသောမိန်းမ အိမ်သွား။ တစ်ချို့က အိပ်၊ တစ်ချို့က ဖဲရိုက်၊ နိုင်ငံခြားမှာ ငွေရှာဖို့ဆိုသော ရည်ရွယ်ချက်တစ်ခုတည်းနှင့်လာ အရာရာကိုကြောက်။ မခံနိုင်တော့ ပေါက်ကွဲထွက်။ မကြောက်သင့်သည်ကို ကြောက်ပြီး ကြောက်သင့်သည်ကို ကြောက်ကန် ကန်ချင်စိတ် ဖြစ်နေသော ပတ်ဝန်းကျင်ထဲတွင် မျက်စိသူငယ်နားသူငယ် နှင့်

ကျွန်တော် ငထက်အောင်မှာ

ကုတ်ကုတ် ကွေးကွေး၊ မှေးတေးတေး နှင့်

စိတ်ဓါတ်တွေကျ ပြုံးမရဘဲ

စင်္ကာပူပဲ ပြန်ချင်တယ်။

ဒီလိုနဲ့ ကံတရားက နှိပ်စက်.. အဲလေ ကျီစား လို့ဝသွားတော့မှ.. ကျွန်တော်လဲ စင်္ကာပူ Visa ရ၊ စင်္ကာပူရုံးက S'pass လေး Approve ဖြစ်ပြီး။

နှုတ်ဆက်ပါတယ် မလေးရှားရယ်

ကံမကုန်ရင်လည်း ပြန်မဆုံချင်ဘူးဗျာ

ပင်လယ်ထဲသွားနေမယ်… လို့ ကြုံးဝါးခွင့်လေးရကာ

ခြင်္သေ့မြို့တော်… ဆီသို့ တစ်ခေါက်ပြန်ရောက်လာပါတော့သည်။

Posted in အတွေ့အကြုံများ |

1 comments:

  1. LIN LET KYAL SIN Says:

    အတွေ့အကြုံသစ်တစ်ခု ရတာပေါ့ ကိုထက်အောင်။ သူများတွေ ကိုထက်အောင်လို မလေးရှားကို ခဏသွားချင်လို့တောင် မသွားဖြစ်တဲ့အခြေအနေတွေ အများကြီးရှိနေတာကို တွေးပြီး ဂုဏ်ယူလို့ရပါတယ်ရှင် :)

ကျွန်တော့် Blog ကိုလာရောက်ကြသူများ...အားလုံးကို ကျေးဇူးအထူး တင်ရှိပါသည်။
ဒါနဲ့ ဒီ Blog ရဲ့ မူရင်း ဒီဇိုင်နာ ကတော့ Steven Wittens and Stefan Nagtegaal. တို့ပဲ ဖြစ်ပါတယ်။ လိပ်စာကတော့ http://acko.net/ ပဲဖြစ်ပါတယ်။