လက်ရှိအခြေအနေနှင့် ရှေ့ဆက်ရမည့်ခရီး

ပထမဆုံး ပြောချင်တာကတော့ ကျွန်တော် ဘာမှမဟုတ်ဘူးဆိုတာပါ။ ကျွန်တော့် Blog ရဲ့ နာမည်အတိုင်းပါပဲ။ မိတ်ဆွေတို့မြင်နေကျ မိတ်ဆွေတို့ဘေးအိမ်က လူတစ်ယောက်လို သာမန်ပါ။ သာမန်နေထိုင်ပါတယ်။ သာမန်ပြောဆိုပါတယ်။ သာမန်ပညာတတ်ပါတယ်။ သာမန်အသက်မွေး ၀မ်းကျောင်းအလုပ် လုပ်ကိုင်ပါတယ်။ ကျွန်တော်ပြောတဲ့စကားများဟာလဲ သာမန် ပြည်သူတစ်ယောက်ရဲ့ ရင်ဖွင့်တဲ့စကားများလို့သာ မှတ်ယူစေချင်ပါတယ်။ မှားချင်လဲမှားနိုင်ပါတယ်။ မှန်သင့်သလောက်လဲ မှန်ပါလိမ့်မယ်။ သေချာတာတစ်ခုကတော့ ကျွန်တော် ရိုးသားစွာ ပြောပါမယ်။

လက်ရှိအခြေအနေ

ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ရွှေဝါရောင်တော်လှန်ရေး စတင်ဖြစ်ပွားခဲ့သည်။ တိုင်းသူပြည်သားများ အုံးအုံး၊ ကျွက်ကျွက် ပါဝင်ခဲ့သည်။ ကျွန်တော်တို့မေ့ထားလို့မရသည်မှာ ကြံဖွံ့နှင့် စွမ်းအားရှင်ကဲ့သို့သော မိမိတဖို့ထဲသာကြည့်သောသူများလည်း ပေါ်ပေါက်လာလေသည်။ အချို့ဆိုပါလျှင် ၁၉၈၈ အရေးအခင်းတွင် ရှေ့တန်းမှပါဝင်ခဲ့သူများပင် ပါသေးသည်ဟု ကြားရပေသည်။ ရွှေဝါရောင်တော်လှန်ရေး၏ ပထမပိုင်း နေ့ရက်များတွင် ကျွန်တော်အားတက်မိလေသည်။ သတင်းများကို ဖတ်တိုင်းလည်း အားရစရာ အကြောင်းများသာ ကြားရလေသည်။
သံဃာတော်များ ဒေါ်အောင်ဆန်းစုကြည် အိမ်ရှိရာသို့သွားသည့်သတင်းနှင့် အန်တီစုမှ ထွက်လာကာ သံဃာများကို ဂါရ၀ ပြုသောနေ့သည် ကျွန်တော်ဘ၀တွင် တက်ကြွခြင်းများ မျှော်လင့်ချက်များနှင့် ၀မ်းသာကြည်နူးမှုကြောင့် ကျသော မျက်ရည်ဆိုသည်ကို အပြည်အ၀ ခံစားရလေသည်။ ရင်ထဲတွင် မထိမ်းသိမ်းနိုင်လောက်အောင် တုန်လှုပ်မိသည်။ တက်ကြွမိသည်။ သြော် တပ်မတော်သားများသည်လည်း သံဃာတော်များကိုတော့ မပစ်ခတ် သံဃာတော်များ၏ မေတ္တာစွမ်းများဖြင့် ကျွန်တော်တို့ နိုင်ငံကြီး ငြိမ်းချမ်းရပေတော့မည်ဟု ၀မ်းသာမိသည်။ ဆရာတော်၊ သံဃာတော်များနှင့် ဆက်ဆံမှုများဖူးသောကြောင့် ကျွန်တော်သံဃာတော်များကို အလွန်ယုံကြည်ပေသည်။ ဥာဏ်ပညာ ကြီးမားမှု ရိုးသားမှု၊ စိတ်ရှည်မှု၊ သည်းခံမှု စသည့်အရာများတွင် သံဃာတော်ဆိုသည့်အတိုင်း အလွန်မှ လေးစားကြည်ညိုဖွယ် ကောင်းလှပေသည်။ ထိုနောက်တွင်ကား အစိုးရမှ စတင်ပစ်ခတ် ကြောင်းကြား ရသည့်နေတွင် ကျွန်တော်စိတ်ထဲတွင် ပထမ ဒေါသထွက်မိသည်။ နောက်ပိုင်းခံစားရသည်မှာ ဒေါသမဟုတ်တော့ချေ။ ၀မ်းနည်းမှုများပင်ဖြစ်ပေသည်။ ကျွန်တော်တို့ မြန်မာလူမျိုးများသည် ဤမျှလောက်ထိအောင် ရိုင်းစိုင်းကုန်ပြီလား။ ဘုရားကို ဘုရားမှန်းမသိအောင် တရားကို တရားမှန်းမသိအောင်၊ သံဃာကို သံဃာမှန်းမသိအောင် ရိုင်းစိုင်းကုန်ပြီလား။ ဘုရားပေါ်သို့ နိုင်ငံခြားသားများ ဖိနပ်စီးတက်ရာမှစတင်ခဲ့သော သပိတ်သည် မြန်မာနိုင်ငံလွတ်လပ်ရေး ရသည်အထိအရေးပါခဲ့ပေသည်။ ထိုသို့သော နိုင်ငံတွင် ယခုကဲ့သို့သော အပြုအမူမျိုးကို လက်ခံနိုင်သော နိုင်ငံသားများရှိနေပြီလား။ ထိုကဲ့သို့သော အမှုမျိုးကို မိမိတို့ကိုယ်တိုင် ကျူးလွန်ရမည်ကို ၀န်မလေးသည့်တိုင်အောင် မိုက်မဲသူများရှိနေပြီလား။ မိမိတို့တဘ၀တာ ကောင်းစားရေးကို ဦးစားပေးလိုသူများရှိနေပြီလား။ မည်ကဲ့သို့မျှ မဖြေနိုင်သော မေးခွန်းများဖြင့် ကျွန်တော်တို့ ၀မ်းနည်းခဲ့ရသည်။ အဆုံးစွန်ဆုံးထိတိုင်အောင် မိုက်မဲခဲ့ကြသော မြန်မာများသည် ကျွန်တော်တို့နိုင်ငံတွင် ထွက်ပေါ်ခဲ့သည်။ သံဃာတော်ကို ရိုက်ဝံ့သူများထွက်ပေါ်ခဲ့သည်။ သံဃာတော်ကို ပစ်ဝံ့သူများထွက်ပေါ်ခဲ့သည်။
စစ်အစိုးရ၏ မိုက်ရိုင်းမှုမှာ သံပတ်ကုန်နေပြီဖြစ်ပေသည်။ ထိုထက်ပို၍ ရိုင်းစိုင်းစရာ ကမ္ဘာပေါ်တွင် မရှိတော့ပေ။ မိမိတို့နေ့စဉ်ရှိခိုးနေကြသော ဘုရား၊ တရား၊ သံဃာ ဆိုသည် ရတနာသုံးပါ၏ မျက်နှာကိုမျှ မထောက်ထားမှုသည် စစ်အစိုးရ၏ သံပါတ်ကုန်နေမှုပင်ဖြစ်သည်။ ထိုဖြစ်စဉ်များတွင် ဘုရားကို ဘုရားမှန်း မသိသော၊ သံဃာကို သံဃာမှန်းမသိသော စစ်သားများလည်းပါသည်။ စစ်သားများကို မဖွယ်မရာ ပြနေသောသူများလည်း ပါပေသည်။ မည်သည့်မျက်နှာကိုမျှ မထောက်ပဲ ပိုက်ဆံထောင်ဂဏန်းမျှ ရဖို့အတွက် တုတ်ကိုင်ရဲသောစွမ်းအားရှင်ဆိုသူများလည်းပါပေသည်။ ထိုသူများသည်လည်း ပြည်သူများထဲမှ ဖြစ်ပေသည်။ ထိုကဲ့သို့သောသူများကို အဘယ်ကဲ့သို့သော မိခင်က မွေးထုတ်ပေးသနည်းဟု မေးရမလိုပင်ဖြစ်နေသည်။ ကျွန်တော်တို့၏ ရွှေဝါရောင်တော်လှန်ရေးသည် ပြီးမြောက်သည့်တိုင်အောင်ဆင်နွဲရန် စတင်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ထိုသို့သောလူများ၏ ကြားတွင် အပြည့်အ၀ မအောင်မြင်ခဲ့ပေ။
အရှုံးထဲမှ အမြတ်မှာ ဦးဇာဂနာကဲ့သို့သော၊ ဦးကျော်သူကဲ့သို့သော၊ ဦးအောင်ဝေး ကဲ့သို့သော လူမျိုးများ ပေါ်ထွက်လာခဲ့သည်။ Blogger များစွာလင်းလက်ခဲ့သည်။ ကျွန်တော်တို့သတင်းများကို ထို Blogger များထံမှဖတ်ကြရပေသည်။ အပိုအလိုမရှိသော သတင်းများ ရခဲ့ကြသည်။ ရိုးသားသော၊ မည့်သူ့မျက်နှာမျှ မကြည့်သော၊ လွတ်လပ်သော၊ ပွင့်လင်းသော သတင်းများဖတ်ခဲ့ကြရသည်။ ထိုသတင်းများမှတဆင့် တကမ္ဘာလုံး သိခွင့်ရခဲ့ကြသည်။ သတင်းမီဒီယာများရှိသော်လည်း စိတ်ထဲတွင်ရှိသည့် အတိုင်းပြောရလျှင် အားမရနိုင်။ ဥပမာအားဖြင့် VOA, DVB စသည့် သတင်းမီဒီယာများ သည် ရိုးသားသော၊ ပွင့်လင်းသော၊ လွတ်လပ်သော၊ မည်သူမျက်နှာမျှ မကြည့်သော သတင်းများထုတ်မပေးနိုင်ခဲ့ချေ။ VOA မှ သတင်းထုတ်ပြန်သည်မှာ နောက်ကျနေပြီး။ DVB မှ မိမိလိုရာကို ဆွဲပြောလိုသောစိတ်များနေသည်။ ကိုနစ်နေမန်းတို့ ကိုကဒေါင်းညင်သာတို့ ကိုထိုက် တို့ကဲ့သို့သော သတင်းမျိုးကို မပေးနိုင်ခဲ့ပေ။

ကျွန်တော်တို့အဆုံးစွန်ထိ မအောင်မြင်သေးခြင်းမှာ ပြတ်ပြတ်သားသားဝေဖန်ရလျှင် နအဖ၏ လူမဆန်မှု နှင့် ကျွန်တော်တို့တွင် တိကျသောခေါင်းဆောင်မှုမရှိခြင်း တို့ကြောင့်ဖြစ်သည်။ ယခုထက်တိုင် ပန်းတိုင်ကိုမည်သို့သွားရမည်နည်း ဆိုသည်မှာေ၀၀ါးနေတုန်းပင်ဖြစ်သည်။ မည်သည့်လမ်းကြောင်း နှင့် သွားမည်နည်း တိတိပပ မည်သူမျှ မပြောနိုင်ပေ။ ကျွန်တော်တို့အမြင်အားဖြင့် ကျွန်တော်တို့အားလုံးတွင် တိကျပြတ်သားသော လမ်းကြောင်းရှိရမည်။ ထိုလမ်းကြောင်းကို တိကျပြတ်သားယုံကြည်စွာဖြင့် အကောင် အထည်ဖော်မည့်သူများလိုအပ်ပေသည်။ ဒီမိုကရေစီ အရေးကို ပြင်းထန်သောယုံကြည်ချက်၊ ကြီးမားသော ဥာဏ်ပညာ၊ တိုင်းပြည်အတွက်မှ လွဲ၍ ဘာမှစိတ်မ၀င်စားနိုင်လောက်အောင် ရိုးသားမှု စသည့် အရည်အချင်း များနှင့်ပြည့်စုံသော သူများလိုအပ်သည်။ အဓိကအားဖြင့် လိုအပ်သည်မှာ ရိုးသားမှု ဖြစ်သည်။ ကျွန်တော်တို့၏ လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ အရည်အချင်းများတွင် အထင်ပေါ်ဆုံး အရည်အချင်းမှာ ရိုးသားမှု နှင့် ကိုယ်ကျိုးစွန့်မှု ဖြစ်သည်။ ကျွန်တော်နိုင်ငံရေးနားမလည်ပါ။ နိုင်ငံရေးတွင် လည်ပတ်ရသည် ဆိုသည်ကိုလည်းနားမလည်ပါ။ လည်ပတ်သည်ဆိုသည်မှာ မရိုးသားမှုနှင့် စည်းပါးပါးလေးသာ ခြားတော့သော အရာဖြစ်သည်။ ထိုကြောင့် မထိမ်းသိမ်းနိုင်သူများအဖို့ လည်ပတ်ရင်းနှင့် မရိုးသားတော့သည်ကို တွေ့ရသည်။

ဤစကားကို ရေးရမည်လက်တွံ့သော်လည်း မနေနိုင်သောကြောင့် ရေးရပေတော့မည်။ ကျွန်တော်တို့သည် တခါတရံ တစ်ဖက်သတ်ဆန်လွန်းသည်။ ကျွန်တော်ဆိုလိုချင်သည်မှာ ကျွန်တော်တို့သည် နအဖကို မကောင်းပြောတိုင်း၊ အခြေအနေကို အမှန်အတိုင်းမပြောဘဲ၊ နအဖကို ဆဲသမျှ၊ တော်လှန်ရေးကြီး အောင်မြင်နေသည်ဟု ပြောသမျှ ထောက်ခံနေမည်ဆိုလျှင်လည်း သိပ်တော့ သဘာဝ မကျလှပါ။ "Free Burma" အော်တိုင်း ထောက်ခံ နေမည် ဆိုပါကလည်း သဘာဝမကျပါ။ မနိုင်းနိုင်းစနေ ရေးသော Blog ထဲတွင် America ၌ "Free Burma" အော်၍ အခွင့်အရေးယူလိုသူများ လည်းရှိကြ သေးသည်။ ထိုသူများကို သူရဲကောင်းကြီးများ အဖြစ် သတ်မှတ်ရန်မှာလည်း သိပ်မသင့်တော်လှပါ။ အမှန်တကယ် မိမိတတ်စွမ်းသလောက် လုပ်ကြသော သူများကို မဆိုလိုပါ။ နောက်တစ်ခုမှာ အသံလွှင့်ဌာနများ ဖြစ်သည်။ Blog ဆိုသည်မှာ မြန်မာနိုင်ငံ ပြည်သူအားလုံးသို့ ပြန့်နှံ့လောက်အောင် မစွမ်းနိုင်ပါ။ Internet Connection ကို ပိတ်လိုက်သည်နှင့် ပြည်တွင်းသတင်းများ အပြင်ထွက်ဖို့ခက် ပြည်ပမှ ရေးသားသော သတင်းများ ပြည်သူများ ကြည့်ရဖို့ခက် ဆိုသောအခြေအနေသို့ ချက်ချင်း ရောက်သွားသည်။ ထိုအချိန်တွင် မြန်မာနိုင်ငံအကြောင်း အပြည့်အ၀ ပြောနိုင်သည်မှာ အသံလွှင့်ဌာနများသာလျှင် ရှိပေတော့သည်။ အသံလွှင့်ဌာနများမှတဆင့် ပြည်သူများကို ဦးဆောင်နိုင်သည်။ ထိုကဲ့သို့ ဦးဆောင်နိုင်ရန်မှာ လုံလောက်သော ခိုင်မာတည်ကြည်သော ဂုဏ်သရေရှိဖို့၊ ပြည်သူ၏ ယုံကြည်မှု ကို ပိုင်ဆိုင်ဖို့ လိုအပ်ပေသည်။ ထိုအသံလွှင့်ဌာနများတွင် ဦးတည်ချက်၊ ရည်ရွယ်ချက် ရှိသင့်သည်။ အမှန်အတိုင်း ပြောရလျှင် အသံလွှင့်ဌာန မှပြောသည်ကို မယုံကြည်နိုင်သော သူများ (ဒီမိုကရေစီ ဘက်တော်သားများ) များစွာရှိကြသည်။ အသံလွှင့်ဌာနများသည် တခါတရံတွင် မခိုင်လုံသော သတင်းများ ထုတ်လွှင့်တတ်သည်။ ထိုသတင်းများ လွဲချော်သွားသော အခါ ပြည်သူလူထုတွင် စိတ်တွင် မည်ကဲ့သို့ ယုံကြည်ရမည် မသိဖြစ်လာသည်။ အသံလွှင့်ဌာနများအနေနှင့် သတင်းလတ်ဆတ်မှုနှင့် သတင်းတိကျမှုရှိရန် လုပ်ဆောင်မှုကြားတွင် အခက်အခဲရှိသည်ကို နားလည်ပါသည်။ သို့သော် ထိုအကြောင်းကြောင့် သတင်းမမှန်ကန်နိုင်ပါဆိုလျှင် ကျွန်တော် ကန့်ကွက်ပါသည်။ ထိုအရာသည် အချိန်နှင့် တပြေးညီ အသံလွှင့်နေရသော အသံလွှင့်ဌာန၏ အလုပ်ပင်ဖြစ်ပေသည်။ နောက်အကြောင်း တစ်ခုမှ အသံလွှင့်ဌာနမှ Interview များဖြစ်သည်။ တစ်ခါတရံတွင် လမ်းကြောင်းပေး၍ မေးနေသကဲ့သို့ ခံစားရသည်။ ထိုအားနည်းချက်မှာ Interviewer ၏ အားနည်းချက်ဖြစ်သည်။ ပြင်ဆင်သင့်ပေသည်။

ရှေ့ဆက်ရမည့်ခရီး

အထက်ပါအချက်အလက်များ ပေါင်းဆုံခဲ့သောအခါ ကျွန်တော်တို့လုံလောက်သော အောင်မြင်မှု မရခဲ့ပါ။ ပြည်သူတို့၏ အသက်များစတေးခဲ့ရသည်။ ထိုစတေးခံရမှုသည် အလကားမဖြစ်သင့်ပါ။ ကျွန်တော်တို့သည် ထိုသူများ လိုလားခဲ့သည့် ပန်းတိုင်သို့ရောက်အောင် မဖြစ်မနေ ရှေ့ဆက်ကြရပေမည်။ ထိုသို့ရှေ့ဆက်ရန်အတွက် အထက်တွင်ပြောခဲ့သည့်အတိုင်း တိကျခိုင်မာသော လမ်းကြောင်းလိုအပ်ပေ သည်။ မဟာဗျူဟာ၊ နည်းဗျူဟာများ လိုအပ်ပေသည်။ ကျွန်တော်တို့အတွက် ထိုအရာသည် ကျန်သော အရာများအားလုံးထက် ပိုမိုအရေးကြီးပေသည်။

ထိုလမ်းကြောင်းကိုရှာဖွေရန် အကောင်အထည်ဖော်ရန် နည်းလမ်း နှစ်မျိုးရှိသည်။ ပထမ နည်းလမ်းမှာ အားလုံးတညီတညွတ်တည်း ကြိုးစားရမည့် လမ်းကြောင်းကို အားလုံး၏ သဘောတူညီချက်ဖြင့် ရွေးချယ်ကြရန် ဖြစ်သည်။ အားလုံးဆိုသည့်နေရာတွင် NLD, ပြည်ပရောက် လူငယ်အင်အားများ၊ မြန်မာနိုင်ငံရှိ ၈၈ ကျောင်းသားခေါင်းဆောင်များ၊ တိုင်းရင်းသား အစုအဖွဲ့များ အားလုံး ပါဝင်သည်။ အားလုံး လက်ခံသော သဘောတူညီမှု ရရန်ဖြစ်သည်။ သို့မှသာလျှင် လူများအားလုံး၏ တညီတညွတ်တည်းသော ထောက်ခံမှုနှင့် အောင်ပွဲရအောင် ကြံဆောင်နိုင်မည်ဖြစ်သည်။ ထိုအဖွဲ့အစည်းများ ထဲမှ နိုင်ငံအတွက် အသက်စွန့်နိုင်သော၊ ရိုးသားသော သူများ ရနိုင်သလောက်လိုပေသည်။ တစ်ဦးမဟုတ် ၁၀ ဦးမဟုတ်၊ ၁၀၀ မဟုတ်၊ ၁၀၀၀ မဟုတ်၊ ၁၀၀၀၀ ရနိုင်သလောက်လိုပေသည်။ ထိုသူများအားလုံးသည် နိုင်ငံနှင့်လူမျိုးအတွက် အသက်စွန့်မည့်သူများ ဖြစ်ရပေမည်။ ထိုသူများသည် အားလုံးစုပေါင်း ဆုံးဖြတ်ထားသော လမ်းကြောင်းများကို အကောင်အထည်ဖေါ်သူများ ဖြစ်ပေမည်။

ဒုတိယနည်းလမ်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုမင်းကိုနိုင်၊ ကိုကိုကြီးအစရှိသည့် ခေါင်းဆောင်ကောင်းများ ပြန်လည် လွတ်မြောက်ရေးပင်ဖြစ်သည်။ ထိုလွတ်မြောက်ရေးကိုပင် မိမိတို့တတ် နိုင်သည့်ဘက်မှ (ကျန်သည့် အကြောင်းအရာများကိုမေ့ထားကာ) အားသွန်ခွန်စိုက် ကြိုးပမ်းပြီး ၄င်းတို့၏ လမ်းညွှန်ချက်များအတိုင်း အားလုံး သဘောတူညီစွာ ၀ိုင်းဝန်းဆောင်ရွက်ကြဖို့ဖြစ်သည်။ ထိုခေါင်းဆောင်များ၏ အရည်အချင်းများ၊ ကိုယ်ကျိုးစွန့်မှုများ၊ နိုင်ငံအကျိုးအတွက် လုပ်ကိုင်ခဲ့မှုများ မှာ မည်သူမျှ မလေးစား မကြည်ညိုဘဲ မနေနိုင်အောင် ထင်ရှားခဲ့ပြီးဖြစ်သည်။ ထိုခေါင်းဆောင်များ၏ ပြောစကား များသည် လွန်စွာမှ အောင်မြင်ဖို့ရှိလေသည်။

နည်းလမ်း နှစ်မျိုးလုံးတွင် အားနည်းချက်၊ အားသာချက်များရှိပေသည်။ ပထမတစ်မျိုးမှာ အမှန်တကယ် အလုပ်လုပ်နေသူတိုင်းက စိတ်ကူးယဉ်ဆန်သည်ဟု ပြောပေမည်။ ထိုကဲ့သို့သော ပြည်လုံးကျွတ်ဆွေးနွေးပွဲမျိုးလုပ်နိုင်ရန်မှာ မဖြစ်နိုင်ဟုပင်ပြောပေမည်။ ကျွန်တော်တို့ မြန်မာ Blogger များအနေနှင့် ၀ိုင်းဝန်းဆွေးနွေး၍ နည်းပညာ အကူအညီဖြင့် နည်းလမ်းများ ရှာကြံနိုင်မည်ဆိုလျှင်တော့ ဖြစ်နိုင်ချေရှိပေသည်။ အဓိကအချက်မှာ အဖွဲ့အစည်းပေါင်းစုံမှ ၀ိုင်းဝန်းဆွေးနွေးပြီးသောအခါ ထွက်လာသော အချက်အလက် ဆုံးဖြတ်ချက်များသည် တိကျခိုင်မာမှု၊ တတ်နိုင်သမျှ အသေးစိတ်ကျမှု လိုအပ်ပေသည်။ တပြိုင်တည်းမှာပင် မပေါက်ကြားရန် လိုအပ်ပေသည်။ ပါဝင်ပတ်သက်သူတိုင်း၏ ရိုးသားမှု လိုအပ်ပေသည်။

ဒုတိယ နည်းလမ်းတွင်လည်း လူတိုင်း၏ ကြိုပမ်းအားထုတ်မှု မဖြစ်မနေလိုအပ်ပေသည်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးမှာ ကျွန်တော်တို့၏ အဓိက ရည်ရွယ်ချက်ဖြစ်သလို နအဖ အကြောက်ဆုံးအရာဖြစ်သည်။ ဤအလုပ်သည်လည်း အလွန်တရာမှခက်ခဲပေလိမ့်မည်။ သို့သော် မဖြစ်နိုင်သော အရာမဟုတ်ပါ။

ဒုတိယနည်းလမ်း၏ အားသာချက်များမှာ ကျွန်တော်တို့ မြန်မာ Blogger များအနေနှင့် မိမိတို့ ကိုယ်တိုင် စတင်နိုင်ခြင်းဖြစ်သည်။ ကျွန်တော်တို့တွင် ဖိနှိပ်ခံရသော နိုင်ငံခေါင်းဆောင်များ လွတ်မြောက် လာမှုများ၊ လွတ်မြောက်ရန် ၀ိုင်းဝန်းကြိုးပမ်းမှုများကို နမူနာအနေနှင့် လေ့လာခွင့်များစွာရနိုင်သည်။ ထိုနည်းလမ်းများ ထဲမှ မိမိတို့ လုပ်သင့်သော နည်းလမ်းများကို ၀ိုင်းဝန်းစဉ်းစား ရွေးချယ်၍ရသည်။ ကျွန်တော်တို့ Blogger များထဲတွင် အရည်အချင်းရှိသော Blogger များစွာရှိသည်ကို တွေ့နိုင်သည်။ ထိုသူများမှ ဦးဆောင်ကာ တိုက်ပွဲဝင်၍ ရနိုင်သည်။

ဒုတိယနည်းလမ်း၏နောက်အားသာချက် တစ်ခုမှာ ကျွန်တော်တို့ မြန်မာနိုင်ငံ၏ အခြေခံသည် သူရဲကောင်းအားကိုးသည့် အစဉ်အလာရှိသည်။ ဗဟိုချုပ်ကိုင်မှုအောက်တွင် လုပ်ကိုင်သော အစဉ်အလာရှိသည်။ ထို့ကြောင့် အကယ် ၍ ဒေါ်အောင်ဆန်းစုကြည်သာ လွတ်မြောက်လာမည်ဆိုပါက ကျွန်တော်တို့၏ ပန်းတိုင်သည် ၇၀% နီးစပ်လာခြင်းပင် ဖြစ်သည်။

ကျွန်တော်အစ၌ ပြောခဲ့သလိုပင် ကျွန်တော်ဘာမှမဟုတ်ပါ။ ကျွန်တော်ဥာဏ်လေး တထွာတမိုက် ဖြင့် သို့သော်စေတနာနှင့် ရိုးသားစွာ ပြောလိုသည်ကို ပြောခြင်း ဖြစ်ပါသည်။ ကျွန်တော် Blog တော်တော် များများကို ရက်တော်တော်ကြာကြာ သွားကြည့်ဖြစ်သည်။ ယခင်တင်ထားသော ပိုစ့် အဟောင်းများစွာကို လည်း ဖတ်ဖြစ်သည်။ Blogger များ၏ အရည်အချင်းများကိုလည်း များစွာ လေးစားမိပေသည်။ နည်းပညာ နှင့်ပါတ်သက်၍ အလွန်နှံ့စပ်သော Blogger များ။ ဥာဏ်ပညာ ကြီးမားသော Blogger များ များစွာတွေ့ခဲ့ ပေသည်။ ကျွန်တော်တို့နိုင်ငံအတွက် အားကိုးချင်ပါသည်။

ကျွန်တော် ရေးခဲ့ဖူးသော Blog ယဉ်ကျေးမှုမှာကဲ့သို့ပင် ကျွန်တော်နှင့် Blog ဆိုသည်မှာ လုံးလုံး အကျွမ်းတ၀င် မရှိသေးပါ။ မည်သည့်စကားကို ပြောသင့်သည် မပြောသင့်သည် မသိသေးပါ။ သို့သော် တစ်ဦးကို တစ်ဦး Tag လုပ်သည်ဆိုသည်စကားကို လွန်စွာကြားခဲ့ရသည်။ ဖြစ်နိုင်လျှင် ယခုအကြောင်းနှင့် ပါတ်သက်၍ အားလုံးကို Tag လုပ်ချင်ပါသည်။ နည်းပညာ မကျွမ်းကျင်သောကြောင့် စာနှင့်သာ Tag လုပ်တတ်သည်ကို ခွင့်လွှတ်ပါ။

ကျွန်တော်၏ စိတ်ကူးမှာ အကို၊ အမ၊ ညီမ တို့အားလုံး မိမိတို့ ကိုယ်ပိုင် Blog များတွင် လည်းကောင်း၊ အားလုံးသိသော အားလုံးပိုင်ဆိုင်သော Blog အသစ်တစ်ခု ဆောက်၍ လည်းကောင်း ကျွန်တော်တို့ ရှေ့ဆက်ရမည့် ခရီးကို ၀ိုင်းဝန်းရွေးချယ်ကြပါ။ မိမိတို့လုပ်နိုင်သော အထဲမှ အကောင်းဆုံး လမ်းကို ၀ိုင်းဝန်း ကြံဆောင်လုပ်ကိုင်ကြပါ ဟု ပြောလိုပါသည်။

ကျွန်တော့်၏ Blog ကို အစမှ အဆုံးတိုင်အောင် စိတ်ရှည်သည်းခံကာ ဖတ်ရှုပေးသည့် အတွက် အမှန်တကယ်ကိုပင် ကျေးဇူးတင်ပါသည်။ ကျွန်တော်အရေးအသားများ မှားယွင်းခဲ့သည်ရှိသော ခွင့်လွှတ်ပေးကြပါဟု ရိုသေ လေးစားစွာ တောင်းပန်အပ်ပါသည်။

Posted in အတွေ့အကြုံများ | 0 comments

နိုင်ငံရေး Tittle မိတ်ဆက်

ကျွန်တော် ဒီအကြောင်းကိုရေးချင်တာ ကြာပါပြီ။ ကျွန်တော့်အကျင့်တစ်ခု က သေသေချာချာ မသိဘဲနဲ့ ဝေဖန်ရေးဆိုတာမျိုး မလုပ်ချင်ဘူး။ ကျွန်တော်ကိုယ်တိုင်ကလဲ ဒေါသထွက်တာလောက်ပဲ တတ်တာ။ "ငအ" တွေကိုဆဲချင်တာတောင် အပေါက်အလမ်းတည့်အောင်ဆဲတတ်တာ မဟုတ်တော့ အခက်သား.. စာရေးချင်တာကတော့ မြန်မာပြည်မှာကတည်းကပဲ ဒါပေမယ့် သိတဲ့အတိုင်း Internet Connection ရယ်.. Eleciricity ရယ်... Transportation ရယ်... အကြောင်းတွေ ပေါင်းဆုံတဲ့အခါကြတော့ သိချင်တဲ့ အကြောင်းရှိရင်တောင် Internet ဆိုင်မှာ တစ်နေကုန်ရတာ.. Blog ဆိုတာလဲ ကြားသာ ကြားဖူးတယ်။ လက်တွေ့ဆိုလို့ တစ်ခါမှကို မတွေ့ဖူးဘူး။

ကျွန်တော်ကလဲ ရှေ့မှာရေးခဲ့သလိုဘဲ Blog ယဉ်ကျေးမှုအကြောင်း ကောင်းကောင်းကလဲ မသိ ဘာတွေ ရေးသင့်လဲ မရေးသင့်ဘူးလဲ ဆိုတာက မသိ။ ဒါနဲ့ပဲ မျက်စိကိုပဲ အလုပ်ပေးထားပြီး လက်ကို ဘာအလုပ်မှ မပေးဖြစ်ဘူး ကိုကဒေါင်းညင်သာတို့၊ ကိုထိုက်တို့၊ ဆရာမ မေငြိမ်းတို့၊ လင်းလက်ကြယ်စင် တို့၊ ကိုမောင်ရင်တို့၊ ဦးဇာဂနာတို့ အများကြီးပါပဲဗျာကြည့်ဖတ်ဖြစ်တဲ့ Blog တွေဆိုတာ ဒီ Blog တွေကတော့ နေ့တိုင်းဖတ်ဖြစ်တဲ့ Blog တွေပဲပေါ့... Blog တွေ ဖတ်၊ Blog ယဉ်ကျေးမှုကိုလေ့လာနဲ့ ကျွန်တော် ရေးချင်တဲ့ အကြောင်းတွေတောင် မေ့မေ့ကုန်တယ်။ ဒါနဲ့ပဲ မဖြစ်သေးပါဘူးလေ ရေးမှကိုဖြစ်တော့မှာ ဆိုပြီး (ရေးချင်တာကလဲ လက်က အလွန်ယားသကိုး) ဒီ Tittle လေးကို တပ်ပြီးစရေး လိုက်တယ်။

ကျွန်တော်ရေးတဲ့ အကြောင်းအရာတွေမှာ သဘောထားချင်း မတိုက်ဆိုင်တာရှိရင် ကြိုက်သလို ဝေဖန်လို့ရပါတယ် (မပြောလဲလုပ်ကြမှာပဲဟာ နော်)။ နောက်တစ်ခု က ဆဲချင်တဲ့ သူများရှိရင်လည်း ဆဲကြပါ (မျက်နှာပြောင်တယ်ပေါ့နော်)။ နောက်တစ်ခုကတော့ ကျွန်တော် လွတ်လွတ်လပ်လပ် ရေးချင်တဲ့ အတွက် တစ်ခါတလေ စာလုံး အသုံးအနှုန်း ရိုင်းပြသွားခဲ့သည် ရှိသော် ခွင့်လွှတ်ကြပါ (ပေါက်ကွဲပါရစေ)။ လာဖတ်သောသူများအားလုံးကို ရိုသေလေးစားစွာကျေးဇူးတင်ပါတယ်။ တစ်ခုခုများ ရင်ထဲပါသွားခဲ့မယ် ဆိုရင်တော့ Comment လေးထားပေးခဲ့ပါ။ (ဘာမှ ပါမသွားလဲ ရေးခဲ့ရင်ကျေးဇူးတင်မှာပါ)။ နောက်ဆုံး တစ်ခုကတော့ ကျွန်တော်ရဲ့ Blog က Copy Left ပါ။ ဘာ Copy Right မှ မရှိပါဘူး။ ကြိုက်သလိုလုပ် ထင်တိုင်းကျဲ ကြပါခင်ဗျာ.....

Posted in အတွေ့အကြုံများ | 1 comments

Blog ယဉ်ကျေးမှု

Blog ကိုခုမှစရေးပြီး တော်တော်လေးသဘောကျနေသူ ကတော့ ကျွန်တော်ပါပဲဗျာ.. ရုံးအလုပ်ကလေး နည်းနည်းပါးရင် Microsoft Word လေးဖွင့် Blog လေးရေး.. Publish လေးလုပ်၊ သူများရေးထားတာလေး တွေ လိုက်ဖတ်၊ သူများ Blog တွေနဲ့ တော်တော်လေးရင်းနှီးလာပါပြီ။

ကျွန်တော်နားမလည်တာလေးတွေ ကလဲ အစီအရီ Blog ယဉ်ကျေးမှု လို့ပြောရမလားပဲနော်..

ဥပမာအားဖြင့် Blog ရေးလေ့ရှိတဲ့ သူငယ်ချင်းတွေက "နင်ရေးထားတာလားတဲ့" (ပြောတဲ့သူက တစ်ယောက်ထဲမဟုတ်ဘူးဗျ) ဒုက္ခပါပဲ... ရေးချင်းလွန်းလို့ .. မရေးရမနေနိုင်လောက်အောင် လက်ယားလွန်းလို့ Blog တစ်ခုအပင်ပန်းခံ လုပ်ထားမှတော့ ရေးမှာပေါ့ဗျနော်.. ကျွန်တော်မရေးလို့ ဒီစာတွေက ဘယ်ကရောက်လာပါ့မလဲနော်...

ဘာမှလည်း မတတ်ဘူးလို့ပြောလည်း ခံရမှာပဲ။ သူများတွေက Wordpress တို့ဘာတို့ညာတို့ စုံနေတာပဲ Blog ထဲမှာရေးထားတာ။ အဲဒါတွေကလည်း Blog ယဉ်ကျေးမှု ထဲက တစ်ခုပဲလို့ထင်ပါတယ်.. စိတ်ဝင်စားစရာ တော်တော် ကောင်းပါတယ်။ ဒါပေမယ့် အလုပ်ကလဲ သိပ်မအားတော့ သိပ်မလေ့လာနိုင်သေးဘူးဗျာ... တဖြည်းဖြည်းတော့ ကြိုးစားသွားမှာပါ...

နောက်ပြီး Blog Community ဆိုလား ဘာလား Forum တွေ့လို့ ဖတ်ချင်လို့သွားပါတယ်။ Topic လေးတွေက စိတ်ဝင်စားစရာ ဒါနဲ့ ဖတ်ကြည့်မယ်ဆိုပြီး ၀င်လိုက်တာ User Name တဲ့။ ဒါနဲ့ Register ဆိုတာလေးနှိပ် ဖောင်လေးဘာလေး ဖြည့်လိုက်တော့။ ဆရာသမားတို့ကလည်း သွေးကြီးလိုက်တာဗျာ... နေအုံးတဲ့ Confirm လုပ်ဦးမယ်တဲ့၊ သြော် Blog ယဉ်ကျေးမှုပဲလား မသိပါဘူးဗျာ... ဒါနဲ့ နောက်တာနော် အတည်မဟုတ်ဘူး

လောလောဆယ်တော့ ကိုယ့် Blog ကိုယ်ဖွင့် Counter တက်တာကိုကြည့် သဘောတွေကျ ရေးချင်တာရေး သူငယ်ချင်းတွေကို အတင်းဖတ်ခိုင်း.... ဟဲဟဲ.. ကျွန်တော်လို့ ပျော်ရွှင်နိုင်ကြပါစေဗျာ.....

Posted in အတွေ့အကြုံများ | 0 comments

My thought

ကျွန်တော်တို့ ပါတ်ဝန်းကျင်တွင် ပြသနာများသည် ဖြေရှင်း၍ မကုန်နိုင်အောင် ရှိပေသည်။ ထိုပြသနာများ၏ အရင်းအမြစ်မှာ လူများနှင့် သူတို့တည်ဆောက်နေသော၊ တည်ဆောက်ထားသော အတ္တများ မတော်တဆဖြစ်စေ တမင်တကာဖြစ်စေ တိုက်မိကြ ရိုက်မိကြသော အခါတွင်ဖြစ်ပေါ်လာကြခြင်းဖြစ်သည်။

ကျွန်တော်တို့ အနေနှင့် မည်ကဲ့သိုဖြေရှင်းကြမည်နည်း......

- အခြား တစ်ယောက် ၏ အတ္တကြေကွဲသွားသည်အထိ၊ သို့မဟုတ် မိမိကိုယ်တိုင် ကြေကွဲသွားသည်ထိ၊ သို့မဟုတ် နှစ်ယောက်စလုံး၏ အတ္တများကြေကွဲသွားသည်အထိ ရိုက်ခွဲလိုက်ကြမည်လား...
- မတူညီနိုင်သော အတ္တများကို ဓါးအိမ်ထဲတွင် တ၀က်တပျက်ထည့်ထားသော ခုတ်ချ လိုက်ရန် အဆင်သင့်ဖြစ်နေသော အဆိပ်လူးသော ဓါးကဲ့သို့သိမ်းဆည်းကာ ၀က်ပိုင်ရှင်တစ်ယောက်၏ အပြုံးမျိုးနှင့် ပြုံးပြ လက်တွဲကြမည်လား ...
- ဒါမှမဟုတ် မဆုံနိုင်သော တစ်ဖက်ဆီသို့ လေးလံပြီးသား အတ္တကို ထမ်းပိုးရင်းနှင့် အပိုဆု ဖြစ်သော အမုန်းများကို ချီမကာ ထွက်သွားကြမည်လား ...
- သို့မဟုတ် ပစောက်နှင့် ဂငယ်ကို ပြောင်းပြန်လှန်ပေါင်းစပ်သလို ပေါင်းစပ်ကာ တစ်ယောက်တစ်ဖက်ဆီ လှည့်ရင်း ရှေ့ဆက်သွားကြမည်လား ...

တစ်ခါတစ်ရံ အချိုးမကျသော အတ္တက ထိုးထိုးထောင်ထောင် လုပ်သောအခါ၊ သတ်မှတ်ထားသော စည်းစနစ်ဘောင်များ လျော့လျဲ လာကြသည်။

" ဒီလိုစကားမျိုးတော့ ပြောမှဖြစ်မယ်"
" ဘာလဲဆိုတာ သိရုံလောက်တော့ ပြမှရမယ်"
အစရှိသည့် စကားများ ပြောလာကြသည်။

" ကျွန်တော်ကတော့ ဒီလောက်မကောင်းနိုင်ဘူး "
" ဒီကိစ္စကတော့ သူတမင်သက်သက် ကြောတာ"
" ငါလိုလူမျိုးကိုများကွာ သွားစမ်းပါ "
" ငါဒီလောက်ကောင်းထားတာ တော်ရောပေါ့ "
ထိုစကားများကို ကျွန်တော်တို့သည် မိမိတို့၏ အတ္တကို ရေလောင်းပေါင်းသင်ပေးရုံမျှ အပ မည်သည့် ပြဿနာကိုမျှ ဖြေရှင်းရန် အသုံးမ၀င်နိုင်ပါ။ မိမိ အတ္တကို ယပ်ခပ်ပေးနေရသလိုပင်ဖြစ်သည်။
မိတ်ဆွေ စဉ်းစားကြည့်ပါ လူတစ်ယောက်တွင် အရေးကြီးဆုံးသော အရာမှာ မည်သည့်အရာနည်း... အမျိုးမျိုးဖြေကြပါလိမ့်မည်.....
ငွေ…
အသက်ရှင်မှု…..
ကျန်းမာရေး…
ဂုဏ် မြင့်မားမှု……..
ပညာတတ်မှု….
သူတစ်ပါးကို အကျိုးပြုနိုင်မှု ……..
မိမိကိုယ်မိမိ ထိမ်းသိမ်းစောင့်ရှောက်နိုင်မှု.....
ကျွန်တော်၏ အမြင်ကို ပြောရလျှင် မိမိကိုယ်မိမိ ထိမ်းသိမ်းစောင့်ရှောက်မှုမှ စ၍ ငွေ၌ ဆုံးသည်။

အရေးကြီးဆုံးအရာတစ်ခု ကျန်နေ ပါသေးသည်။
ထိုအရာမှာ ရိုးသားမှု ဖြစ်ပါသည်။ ရိုးသားမှုသည် အချိန်တိုင်း၊ နေရာတိုင်း၊ ဘ၀တိုင်း၊ လှုပ်ရှားမှုတိုင်းကို အကျိုးပေးပါသည်။
မိတ်ဆွေ မည်ကဲ့သို့ပင်ကြီးကျယ်နေစေကာမူ မရိုးသားပါဟု ဂုဏ်ပုဒ် တစ်ခု ထည့်၍ လူတစ်ယောက်ကို မြင်ကြည့်လိုက်ပါ..... မည်ကဲ့သို့မျှ ကောင်းမွန်လာစရာမရှိပါ။ လူတိုင်းတွင် အရည်အချင်းတစ်ခုမဟုတ် တစ်ခု ရှိပါသည်။ ထိုအရည်အချင်းနှင့် ရိုးသားမှု ပေါင်းစပ်လိုက်သော အခါတွင်ကား အဖိုးမဖြတ်နိုင်သော တန်ဖိုးကို ရနိုင်လေသည်။
လောကတွင် ပြဿနာများ လွန်စွာ များပြားပေသည်။ ဖြေရှင်း၍ မကုန်နိုင်လောက် အောင် များပြားပေသည်။ ကျွန်တော်တို့ လုပ်ကြည့်ကြရအောင် ရိုးသားမှုလေးကို ကျွန်တော်တို့၏ နေ့စဉ်ဘ၀တွင် တည်ဆောက်ကြည့်ကြရအောင်.....
ကျွန်တော်တို့က ရိုးသားပြီး အခြားလူများက မရိုးသားရင် ဘယ်လို ဖြေရှင်းမလဲ ဟုပြောစရာရှိပေသည်။

ပထမ အချက်အနေနှင့် ရိုးသားမှု နှင့် ရိုးအ မှု၊ လုံးလုံးမတူညီပါ။
ဒုတိယ အချက်အနေနှင့် ကျွန်တော်ကြားဖူးသော ပုံပြင်လေးတစ်ပုဒ်ရှိပေသည်။

ရွာတစ်ရွာတွင် ရွာလူကြီးက၊ ည ၁၂ အချိန်မှ စ၍ ရွာမှ လူများတစ်အိမ် လျှင် ဆီတစ်အိုးကျစီ ရွာလယ်တွင် ရှိသော ရာဝင်အိုးထဲသို့ ထည့်ရန် တောင်းဆိုလိုက်သည်။ နောက်တစ်နေ့ နံနက်နိုးလျှင်ကား ထိုရွာဝင်အိုးထဲသို့ သွားကြည့်ရာ ဆီတစ်စက်မျှ မရှိဘဲ တစ်အိုးလုံး ရေများသာလျှင် ဖြစ်နေတော့သည်။

လူများသည် ညအချိန်ဖြစ်သောကြောင့် မည်သူမျှလည်း မမြင်နိုင်.. ဆီရာဝင်အိုးကြီးထဲတွင် ရှိသော ရေတစ်ပုံးမှာ လည်း မသိသာနိုင်သောကြောင့် လူအားလုံးမှ ရေများသာ လာထည့်ကြလေသည်။

မိတ်ဆွေစဉ်းစားကြည့်ပါ မိတ်ဆွေသာလျှင် ဆီတစ်ပုံးကို ရိုးသားစွာ ထည့်မည်ဆိုပါက ဆီသည်ရေထက်ပေါ့သောကြောင့် ရေပေါ်တွင် ပေါ်ပေလိမ့်မည်၊ အနည်းဆုံး ရာဝင်အိုးကို ကြည့်လျှင် ကြည့်ခြင်း၊ တွေ့လိုက်ရသော အတ္တ၏ရုပ်ဆိုးမှု ကိုတော့ ဖုံးလွှမ်းပေးနိုင်ပေလိမ့်မည်...

ထို့ကြောင့်

ရာဝင်အိုးထဲမှ ဆီတစ်ခွက် ဖြစ်အောင် …………
ပြဿနာများကို ၉၀ ရာခိုင်နှုန်းခန့် ရှင်းလင်း လွယ်ကူသွားအောင်........

မိတ်ဆွေရေ…
လာဗျာ ရိုးသားကြစို့......


Posted in အတွေ့အကြုံများ | 0 comments

Me + Malaysia = :(

တကယ့်တကယ်တော့ မလေးရှားနဲ့ ကျွန်တော် ဘာမှမဆိုင်ပါဘူးဗျာ…. ကျွန်တော်သွားစရာလဲ မလိုပါဘူး။ ဒါပေမယ့်ဗျာ တခါတလေ ကိုးလိုးကန့်လန့် ပေါက်ပေါက်ရှာရှာ ရှုပ်ရှုပ်ထွေးထွေး ဖြစ်တဲ့ နေရာမှာ ကံတရားကို ဘယ်သူမှ မမှီဘူး… သူလုပ်ထည့်လိုက်ရင် ပေါက်တတ်ကရကို ဖြစ်တော့တာပဲ။ ကြိုတင်ကြံစည်ရင်တောင်မှ လွဲချင်လွဲအုံးမယ်…

ကျွန်တော် စင်္ကာပူမှာ အလုပ်လာရှာတာ အလုပ်တော့ရပါရဲ့ ဒါပေမယ့် အလုပ်ရတဲ့အချိန်က နေထိုင်ခွင့်ကုန်ခါနီး။ အလုပ်ရထားပြီဆိုရင် နေထိုင်ခွင့်တိုးလို့ရပါရဲ့ ဒါပေမယ့် ကျွန်တော့်ရဲ့ HR Manager အသားမည်းမည်း စင်္ကာပူမ လေး လုပ်ပုံကတလွဲ… Data အလွဲတွေနဲ့လျှောက်တော့ ထက်အောင်ခမျာ

"မခွဲချင် ခွဲချင်ပဲရယ်နဲ့ ခွဲရတော့မယ် သူငယ်ချင်းတို့ရယ်…

ဆိုးချက်ကယ်နာ တကယ်ဆို မလိုပါပဲရယ်နဲ့

မ HR အသုံးမကျတာကြောင့်

စင်္ကာပူခွါ မလေးကို သွားရပြီလို့ နှုတ်ဆက်လေခြင်း "

အကြောင်းကြောင်းတွေကို ထားလိုက်ပါတော့လေ... မျက်စိမှိတ်ထားတုန်း အခွေရစ်တယ်လိုပဲ သဘောထားလိုက်ရအောင်.. ၀ှီး....

ကျွန်တော် နောက်ဆုံးရောက်နေတဲ့အခန်းက တိုက်ခန်းတစ်ခုရဲ့ ရှေ့မှာ.. အဲလေ မှားလို့ တိုက်တန်းလျား တစ်ခုရဲ့ ရှေ့မှာ... အထုတ်ကြီးဆွဲလို့

အဲဒီ တိုက်တန်းလျားကြီးက ဗျာ ရန်ကုန်က တိုက်ခန်းအဟောင်း အစုတ် ၃ ထပ် တိုက်တန်းလျားတစ်ခုကို ညစ်ညစ် ပတ်ပတ် နေရာတစ်ခုရွှေ့ထားသလိုပဲ။ ကြွက်ကြီးတွေကလည်း ဧည့်ဝတ်ကျေပွန်လိုက်ပုံများ နေခင်းဘက်တောင် ထွက်ကြိုနေလိုက်ကြသေးတယ်။ ရာသီဥတုကလည်း အိုက်စပ်ပူလောင်သော ရာသီဥတုနဲ့ ရေပုပ် ရေသိုးတွေကို နေလှမ်းလို ထွက်လာတဲ့ အနံ့တွေက ရေမြောင်း တစ်လျှောက်ကနေ နှာခေါင်းကို လူပျိုလှည့်နေတယ်။

အိမ်ပေါ်ကိုတက်တဲ့ လှေကားမှာ သော့က သုံးခါ ခတ်ထားတယ်။ ဖွင့်လိုက်ရတဲ့ သော့ဆိုတာ အထပ်ထပ် မင်းတုန်းမင်းတောင် သူ့မိဖုရားတွေ ဒီလောက် လုံလုံခြုံခြုံ ထားမှာ မဟုတ်ဘူး ဘာဖြစ်လို့လဲဆိုတော့ "For the safety" တဲ့ဗျာ။ Safety From Cop တဲ့

ဟာဗျာ... မြန်မာပြည်ကို လွမ်းလိုက်တာ...

"Oh..... very good, thank for remain me about my country" ဟဲ ဟဲ နောက်တာပါ....

ရဲကဆိုးလို့လား ဆိုတော့

"အိုဗျာ ပိုက်ဆံပေးလိုက်ရင် သွားတာပါပဲတဲ့ ...."

အိုး... တူပြန်ပြီ.. တူပြန်ပြီ...

သိပ်တော့မဆိုးဘူးဗျ၊ မြန်မာပြည်ပြန်ရောက်သလိုပေါ့နော်... ဒါပေမယ့် ခက်တာက မြန်မာပြည်မှာ က အိန္ဒိယနွယ်ဖွား တိုင်းရင်းသား တွေ ဘယ်လို Stay နဲ့နေမှန်း မသိခဲ့ဘူး.. ဒီမှာရှိတဲ့ မြန်မာပြည်သား ရွှေအမျိုးများကတော့ အိုဗာစတေး နဲ့ နှစ်ပါးသွားနေကြတာပါပဲ...

ပေးချင်တဲ့ သစ္စာ ပေးပါဗျာ.. ကျွန်တော် ဘ၀င်မမြင့်ပါဘူး ရွှေမျိုးအချင်းချင်း သူကဘယ်လို ငါက ဘယ်လို လို့လဲမရှိပါဘူး။ ကွန်ပျူတာပညာလေးနဲ့ အလုပ်လုပ်စားရတာနဲ့ (အခြားဟာ လည်း တတ်မှ မတတ်ဘဲ) ဒီအလုပ်နဲ့ ပတ်သက်ရင် ကိုယ့်ကို ကိုယ် ဘ၀င်မြင့်တာလေးပဲ (ဟဲ ဟဲ ကိုယ်ကို ကိုယ်ကျတော့ ဘ၀င်မြင့်တာလေးပေါ့ဗျာ... သူများဆို "အဖြစ်ကမရှိဘဲ သောက် ကြီးကျယ်တယ်လို့"ပြောမှာ) ။ သူများနိုင်ငံမှာ ပြသနာလဲ မတက်ချင်ဘူး ကျွန်တော့်ရှေ့မှာ မြန်မာတစ်ယောက် အောက်ကျ နောက်ကျ ဖြစ်နေတာလဲ မကြည့်ချင်ဘူး၊ ဒေါသထွက်တယ်၊ စိတ်မကောင်းဘူး၊ ဘာလို့များဒီလိုဖြစ်ရတာလဲလို့သာ မြန်မာပြည် သေပြည်တော်က "အင" တွေ ကြားအောင် အော်လိုက်ချင်တော့တယ်။

သြော်.. ဘယ်တတ်နိုင်မလဲဗျာ.. နေရတာပေါ့ဆိုပြီး အခန်းထဲသွားတော့ မျက်နှာကြက်က ပန်ကာကြီးက အော်လိုက်တာ မှ တကျီကျီ ကို နေတာပဲ၊ အခန်းထဲကို လေ၀င်လေထွက် မရှိလွန်းလို့သာ သုံးရတာ အားတောင် နာလာတယ်။ တစ်အိမ်လုံးကို တံခါးတွေ အထပ်ထပ်ပိတ် ပြီး ပြတင်းပေါက်ဆိုတာ တစ်ဘ၀ လုံးကြားဖူးပုံ မရတဲ့ အိမ်ရှင်ကုလား ဆီမှာနေရတဲ့ ဘ၀မှာ

အင်း ၀က်ဖြစ်မှတော့ မစင်မကြောက်တော့ပါဘူးဆိုတဲ့ စကားဟာ ကွက်တိပါပဲ...

အိုကေလေ ရပါတယ် နေကြတာပေါ့ ဆိုပြီး နေလိုက်ပါတယ်.. အခန်းထဲမှာ ပစ္စည်းလေးဘာလေး ထားပြီးတော့ ဧည့်ခန်း မှောင်တောင်တောင် (တကယ့်တော့ ဆိုင်းဘုတ်တတ်ထားသင့်တယ်၊ နို့မို့ သိမှ မသိနိုင်တာ) ရဲ့ တစ်ခုတည်းသော Publica ထိုင်ခုံ ပေါ်မှာထိုင်ရင်း ဟိုအကြောင်း ဒီအကြောင်းလေးတွေ ပြောကြရင်း ပိုပိုသိလာတယ်။ ရွှေမျိုးတွေဗျာ တစ်ခန်းကို ၃ - ၄ ယောက် လောက်နေကြရတာ၊ အခန်းကဖြင့် ကြွက်တွင်းသာသာရှိတာ.. တခါတလေ ညဘက်တစ်ယောက် ယောက်ထွက်လာရင် ကြွက်လား လူလား မနည်းကြည့်ရတယ် (ကြွက်ကလူလောက်ရှိပြီး လူနေတဲ့အခန်းက ကြွက်တွင်းသာသာဆိုတော့)။

တိုက်ခန်း က အလျား ပေ ၄၀၊ အနံ ၁၅ ပေ လောက်ရှိမယ်။ အဲဒီအကျယ်ကို တစ်ဝက်ဝက်ထားတယ်၊ တစ်ဖက်ကို ၁၇ ပေ လောက်စီ၊ တစ်ဖက်စီမှာ မျက်နှာချင်ဆိုင် ၄ ခန်းလောက်ကို မျက်နှာချင်းဆိုင် စီထားတယ်။ ခန့်မှန်းချေ တစ်ဖက်ကို ၈ ခန်းလောက်ရှိပါလိမ့်မယ်။ တစ်ဖက်ကို တံခါး တစ်ချပ်စီ ပိတ်ထားပြီး အလယ်မှာ တိုက်ခန်းအ၀င်တံခါး ရှိတယ်။ တံခါးက၀င်ဝင်ချင်း ၆ ပေလောက်ကျယ်တဲ့ အခန်းလေးရဲ့ အ၀င်အ၀မှာ လှေကားဖက်ကို ထုတ်ထားတဲ့ ရေချိုးခန်းနဲ့ အိမ်သာ ရှိတယ်။

ရေချိုးခန်းက ၃ ပေပတ်လည်လောက် ကျယ်မယ်ထင်တယ်။ အခန်းထဲမှာ ၂ ပေ မီးချောင်း ခပ်စုတ်စုတ်လေး တစ်ချောင်းက ဘေးနှစ်ဖက်စလုံး မည်းတူးပြီး အသက် တငင်ငင် နဲ့ ဖျတ်ဖျတ် ဖျတ်ဖျတ်.. ရေချိုးခန်းက တံခါးမှာ ၀က်အူ ပြုတ်နေတဲ့ တံခါးလက်ကိုင် တစ်ခုရှိပါတယ်။ ရေချိုးခန်း အထဲမှာ ကြွေပြားသေးသေးလေးတွေ ၃ ပုံ ၂ ပုံလောက်တပ်ထားတယ်။ ကျန်တဲ့ တစ်ပုံ ကတော့ အစောကတည်းက မရှိတာလား နောက်မှ ကွာသွားတာလား တော့ မသိဘူး။ ရေချိုးခန်းထဲမှာ ရေထုတ်ပိုက် မပါတဲ့ ဘေစင်တစ်ခု၊ ပလတ်စတစ် ပုံးတစ်လုံး လက်ကိုင်ပါတဲ့ ပလတ်စတစ် ရေခွက်တစ်လုံး၊ မှန်အကွဲတစ်ချပ်... နဲ့ ပိုးဟပ်များရှိကြပါတယ်။ ရေချိုးခန်းထဲကိုဝင်လိုက်ရင် ပူလောင်အိုက်စပ်မှုကို ခံစားရပြီး စိတ်မအီမသာနဲ့ ဘာမှန်းမသိတဲ့ မသန့်ရှင်းဘူးလို့ခံစားရတဲ့ အနံ့ တစ်ခုကို ရနေပါတယ်။

ရေချိုးခန်းရဲ့ ဘေးမှာတော့ ယောက်ျားလေးများ အပေါ့သွားရုံမှလွဲပြီးသုံးလို့ရပါတယ်လို့ ကျိန်ပြောရင်တောင် ယုံစရာမရှိတဲ့၊ ဒါပေမယ့်လည်း လူတိုင်းသုံးနေကြတဲ့ အိမ်သာတစ်လုံး ရှိပါတယ်။ ကျွန်တော့်စိတ်ထင် ၁ ပေခွဲသာသာအကျယ်နဲ့ ၂ ပေသာသာ အလျားရှိတဲ့ အခန်းလေးပါ။ ရေချိုးခန်းထက် ထူးခြားတာကတော့ သူရဲ့ သဘာဝအနံထွက်နေပြီး မီးအလင်းရောင် ဘာမှမရှိတာပါပဲ။

ခုနက ပြောခဲ့အတိုင်း တိုက်ခန်းက နှစ်ဖက်ရှိပါတယ်။ တစ်ဖက်ခြမ်းမှာ ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် နဲ့ ယင်ကောင် တစ်ချို့ ပိုးဟပ် များနဲ့ အိမ်မြှောင်တို့က ၀င်ပေါက်မှလွဲပြီး ဘာမှမရှိတဲ့ အခန်းလှောင်လှောင် ထဲမှာ နေကြပါတယ်။ ကျွန်တော်တို့ရဲ့ဘေးမှာတော့ ကျွန်တော်တို့အခန်းတ၀က်လောက် ရှိတဲ့ အခန်းကျဉ်းကျဉ်းလေး တစ်ခန်းကို လူနှစ်ယောက် နေကြပြီး၊ သူရဲ့ ဘေးမှာတော့ အတော် ပစိပစ်များပြီး ကျန်းမာရေး ကောင်းပုံ မရတဲ့ အင်ဒိုနီးရှားမကြီး တစ်ယောက်နဲ့ နောက်တစ်ယောက်တို့ နေပါတယ်။

ကျွန်တော်တို့ရဲ့ ရှေ့တည့်တည့်ခပ်နံနံ အခန်းမှာတော့ အင်ဒိုနီးရှားမတစ်ယောက်နဲ့ ညဖက်အလုပ်ဆင်းပြီး နေ့ဘက်အိပ်တဲ့ ဘာလူမျိုးမှန်းတောင်မသိရတဲ့ အမျိုးသမီး တစ်ယောက်တို့ တူတူနေကြပါတယ်။ နောက်ပြီး တစ်ဖက်မှာ မီးဖိုချောင်ရယ် နောက်ပြီးတော့ အိမ်ရှင်ဆိုတဲ့ အိန္ဒိယ နိုင်ငံသားနဲ့ သူရဲ့ရည်းစားဆိုသူတို့ရဲ့ အခန်းရှိပါတယ်။

အခြားတစ်ဖက်အခြမ်းမှာတော့ အားလုံး မြန်မာတွေချည်းပါပဲ။ အဆိုပါဘက်အခြမ်းရဲ့ ပြွတ်သိပ်နေတဲ့ အခန်း ၈ ခန်းထဲမှာ ပြွတ်သိပ်စွာ နေထိုင်ကြသော မြန်မာများ အများအပြားရှိသည် လို့ပဲ ပြောရမှာပဲ။ အားလုံးလိုလိုမှာ စားသောက်ဆိုင်များတွင် တစ်နေ့လျှင် ၁၂ နာရီ အလုပ်လုပ်ကြပါတယ်။ နံနက် ၈ နာရီမှ ည ၈ နာရီ၊ ည ၈ နာရီမှာ နံနက် ၈ နာရီ အချို့ဆိုလျှင် ညနေ ၃ နာရီမှ နံနက် ၃ နာရီ အမျိုးမျိုး အဖုံဖုံ အလုပ်လုပ် ကြပါသည်။ လုပ်ခမှာ ရင်းဂစ် ၉၀၀ (အများဆုံး)၊ စင်္ကာပူဒေါ်လာ ၄၅၀ ခန့် မြန်မာငွေ ၄၀၀,၀၀၀ ခန့်ရကြပါသည်။ အိမ်လခမှာ ရင်းဂစ် ၁၅၀ ပေးကြရပြီး။ ရဲနှင့်တွေ့ပါက ဆက်ကြေး ၂၀၀ ခန့်ပေးရသည်ဟု ပြောပါသည်။ အလုပ်လုပ်ခွင့် ပါမစ်ရှိသည့် တိုင်အောင် ရဲကို ပိုက်ဆံပေးကြရသေးသည်။ ကျွန်တော် အမှန်အတိုင်းပြောပြပါမည်။ နေ့ရှိသရွေ့ ကျွန်တော် စင်္ကာပူကို ပြန်ဖို့ကြိုးစားပါသည်။ ထိုအရာများကို ခံနိုင်ရည်မရှိပါ။ တစ်နေ့တစ်နေ့ ထမင်းစား အလုပ်လုပ်၊ အလုပ်ရှင် က မျိုးစုံဆဲဆိုသည်ကို သည်းခံ။ အချိန်ရလျှင် တစ်ချို့က အရက်သောက်၊ တစ်ချို့က မကောင်းသောမိန်းမ အိမ်သွား။ တစ်ချို့က အိပ်၊ တစ်ချို့က ဖဲရိုက်၊ နိုင်ငံခြားမှာ ငွေရှာဖို့ဆိုသော ရည်ရွယ်ချက်တစ်ခုတည်းနှင့်လာ အရာရာကိုကြောက်။ မခံနိုင်တော့ ပေါက်ကွဲထွက်။ မကြောက်သင့်သည်ကို ကြောက်ပြီး ကြောက်သင့်သည်ကို ကြောက်ကန် ကန်ချင်စိတ် ဖြစ်နေသော ပတ်ဝန်းကျင်ထဲတွင် မျက်စိသူငယ်နားသူငယ် နှင့်

ကျွန်တော် ငထက်အောင်မှာ

ကုတ်ကုတ် ကွေးကွေး၊ မှေးတေးတေး နှင့်

စိတ်ဓါတ်တွေကျ ပြုံးမရဘဲ

စင်္ကာပူပဲ ပြန်ချင်တယ်။

ဒီလိုနဲ့ ကံတရားက နှိပ်စက်.. အဲလေ ကျီစား လို့ဝသွားတော့မှ.. ကျွန်တော်လဲ စင်္ကာပူ Visa ရ၊ စင်္ကာပူရုံးက S'pass လေး Approve ဖြစ်ပြီး။

နှုတ်ဆက်ပါတယ် မလေးရှားရယ်

ကံမကုန်ရင်လည်း ပြန်မဆုံချင်ဘူးဗျာ

ပင်လယ်ထဲသွားနေမယ်… လို့ ကြုံးဝါးခွင့်လေးရကာ

ခြင်္သေ့မြို့တော်… ဆီသို့ တစ်ခေါက်ပြန်ရောက်လာပါတော့သည်။

Posted in အတွေ့အကြုံများ | 1 comments

Me and the Blog

Blog ရေးချင်တာ တော်တော်ကြာနေပြီ။ ပထမတုန်းကတော့ Blog ကိုနာမည်ပေးဖို့ ကြိုးစားရင်း တပ်လန်သွားတယ်။ မဖြစ်ချေသေးပါဘူး။ ဒီလောက်နဲ့ တပ်လန်တယ်ဆိုရင်တော့ ညံ့ရာကျပါတယ် ဆိုပြီး ထိုင်စဉ်းစားလိုက်တာ အခုနာမည်ဖြစ်သွားတာပဲ။ ပျော်ရွှင်မြူးတူးပြီး ချက်ချင်း စာလေးတစ်စောင် ကောက်ရေးလိုက်တယ်။ webpage နာမည်ကို ရိုက်ထည့်ပြီး ကြည့်လိုက်တဲ့အခါကျတော့ ….. လေးထောင့် လေးတွေ ဘယ်သူထဲ့သွားလဲမသိဘူး… ဒီလောက်ကတော့ ပျင်းပါတယ်ပေါ့နော်.. FireFox လေး Install လုပ် Forum လေးဘာလေးသွားဖတ်။ ဟိုလုပ်ဒီလုပ် တော်တော်လေး လုပ်လိုက်တော့မှ ရေးထားတဲ့ စာလေး ၆ ကြောင်း လောက်ကို မချိမဆန့် မြင်ရတယ်။

ဒါနဲ့ ဂုဏ်ယူ ၀င့်ကြွားစွာနဲ့ သူငယ်ချင်းတွေကို ပေးဖတ်လိုက်တော့ တစ်ယောက်က "သြော်…" တဲ့၊ နောက်တစ်ယောက်ကတော့ မချိမဆန့်နဲ့ Blog ရေးတယ်လားတဲ့။ နောက်တစ်ယောက် ကတော့ "ဟဲ.. ဟဲ… ဒီကောင်က Blog တွေ ဘာတွေ ရေးတယ်ပေါ့တဲ့… အလုပ်တော်တော်အားနေတယ်ထင်တယ်တဲ့" ။ ဒီလောက် အားပေးနေတာတောင် ကျွန်တော်ကလဲ စိတ်မလျော့သေးဘူး မျှော်လင့်ချက်လေးနဲ့။ အမြဲအကောင်းမြင်တတ် ပြီး ကျွန်တော့်ကို Blog ရေးဖို့မြှောက်ပေးတဲ့ အမတစ်ယောက်ကို ပေးဖတ်လိုက်တော့ "သြော်.. သြော်.. တွေ့တယ်၊ တွေ့တယ်တဲ့" ။ ဘယ်ရမလဲဗျာ ကျွန်တော်ကပဲ အရှက်မရှိ "စာရေးထားတာ ကောင်းလား ဆိုတော့" ချောင်ပိတ် အမိခံလိုက်ရသလိုပဲ… "အင်း.. မဆိုးပါဘူး၊ ဆက်ရေးပေါ့" တဲ့… နောက်ပြီး စကားကို အဆုံးအစ မရှိပြောသေးတယ် "စရေးခါစ ဆိုတော့လည်း တဲ့" ..

ထိုသို့ဖြင့် ကျွန်တော်၏ Blog လေးမှာ မချိမဆန့် တစ်ခန်းရပ်သွားလေသည်။ သို့ပေသော်ငြားလည်း အမှတ်မရှိသော(၀ါ) အရှက်မရှိသော ကျွန်တော်မှာ

The man near your house.... ဆိုသော Blog ကို မျက်နှာပြောင်တိုက် စတင်ရေးသားလိုက်ကြောင်း သိစေအပ်ပါသည်။.........

The man near your house

Posted in အတွေ့အကြုံများ | 1 comments
ကျွန်တော့် Blog ကိုလာရောက်ကြသူများ...အားလုံးကို ကျေးဇူးအထူး တင်ရှိပါသည်။
ဒါနဲ့ ဒီ Blog ရဲ့ မူရင်း ဒီဇိုင်နာ ကတော့ Steven Wittens and Stefan Nagtegaal. တို့ပဲ ဖြစ်ပါတယ်။ လိပ်စာကတော့ http://acko.net/ ပဲဖြစ်ပါတယ်။