Blog ဆက်ရေးနေပါဦးမည်

တခြားလူများ Blog ရေးကြသည်မှာ မည်သည် အခက်အခဲများ ကြုံတွေ့ကြသည်ကိုတော့မသိ။ ကျွန်တော် တွင်တော့ တော်တော်ခက်နေသည်။ ကျွန်တော့်တွင် သူငယ်ချင်းတစ်ယောက်ရှိ၏။ ထိုသူငယ်ချင်းမှာ အလွန်တော်သော သူတစ်ယောက် ဖြစ်သည်။ ကျွန်တော်ထက် အသက်အတန် ငယ်သော်လည်း သူ၏ အတတ်ပညာကြောင့် ကျွန်တော် လေးလေးစားစားပင် ဆက်ဆံပါ၏။ Blog ရေးခါစ ကျွန်တော်သည် သူနှင့် ပါတ်သက်သည့် အကြောင်းအရာတစ်ခုကို Blog ပေါ်တွင် ရေးသားလိုက်မိပါသည်။

ထိုနောက် ကျွန်တော်၏ Blog သို့လာကြည့်ကြရန် သူငယ်ချင်းများအားလုံးကို Email ပို့လိုက်ပါသည်။ နောက်တစ်နေ့တွင်ပင် သူနှင့် ကျွန်တော် တခြားကိစ္စတစ်ခုနှင့် ပါတ်သက်၍ စကားများကာ ကျွန်တော်နှင့် သူငယ်ချင်း(မိတ်ဆွေ) အဖြစ်မှ ပြတ်စဲသွားလေသည်။ ကျွန်တော် တော်တော် စိတ်မကောင်းပါ။ ကျွန်တော်၏ အကျင့်တစ်ခုက တော်သောသူ၊ Logic ကောင်းသောသူဆိုလျှင် တော်တော်ခင်တွယ် တတ်သည်။ အဆက်အသွယ်လည်း မပြတ်လိုပါ။ အလွန်တရာ သဘောကျတတ်၏။ ထိုသို့ ခင်မင်သည်နှင့် အမျှ ကျွန်တော် နက်နက် ရှိုင်းရှိုင်း ခံစားရသည်။ ကျွန်တော် စိတ်ထဲတွင် တော်တော်လေး အဆင်မပြေ ဖြစ်သွား၏။ ကိုယ် ရေးထားသော အကြောင်းအရာကို လူအများရှေ့ ချပြရာတွင် တော်တော် ကြောက်ဖို့ကောင်းပါလား ဆိုသော အသိတရား ရလိုက်သည်။

ထိုအခါ ကျွန်တော် ရေးချင်သလို၊ စိတ်ကူးရှိသလို ရေးလိုက်မိသောကြောင့် အဆင်မပြေမှုကို ခံစားရသည် ဟု ကောက်ချက် ချမိသည်။ ထိုအခါ ကျွန်တော်ရေးလိုသော အကြောင်းအရာကို ကျွန်တော်ရေးချင်သလို မှ ရေးခွင့် မရပါလျှင် မည်သည့်အတွက်ကြောင့် Blog ရမည်နည်း ဟု စဉ်းစားမိလာသည်။ သို့နှင့် ပင် ကျွန်တော် Blog နှင့် တော်တော်လေးကို အဆက်ပြတ်သွားသည်။

နောက်နောင်တော့ သတိထားရပေတော့မည်။ စကားမကျွံအောင်၊ နှုတ်မလွန်အောင် ခါးသီးသောအတွေ့အကြုံ သင်ခန်းစာကို သူငယ်ချင်းတစ်ယောက် ရင်းနှီးပြီးမှ ရသော အတွေ့အကြုံမှာ အတော်တန်ဖိုးရှိပေသည်။ ထိုအတွေးနှင့် တစ်ပြိုင်နက်တည်း ရရှိလိုက်သော ခံယူချက်မှာ Blog ရေးသူသည် စဉ်းစားချင့်ချိန် ရုံမျှမက သတ္တိလည်း ရှိဖို့လိုသည်ဆိုသော ကိစ္စဖြစ်ပေသည်။ မိမိပြောလို သော အကြောင်းအရာနှင့် စေတနာ မှန်လျှင်မူ ဆုံးရှုံးမှုများကို ခံနိုင်ရည်ရှိရပေလိမ့်မည်။

ဘာပဲဖြစ်ဖြစ်ပေါ့လေ ကျွန်တော် Blog ဆက်ရေးနေပါဦးမည်။ မည်သူမျှ မဖတ်လျှင်လည်း ဆက်ရေးနေပါဦးမည်။ ပြဿနာများ တက်လျှင်လည်း ဆက်ရေးနေပါဦးမည်။ ဆုံးရှုံးမှုများရှိလျှင်လည်း ဆက်ရေးနေပါဦးမည်။ တစ်ယောက်မျှ မကြိုက်ကြလျှင်လည်း ဆက်ရေးနေပါဦးမည်။


ဟုတ်ကဲ့ပါ..... Blog ဆက်ရေးနေပါဦးမည်။

Posted in အတွေ့အကြုံများ | 0 comments

မင်းငယ်ပါသေးတယ်..

ကျွန်တော် မြန်မာနိုင်ငံတွင် နေစဉ်က အထက်ပါစကားမျိုးကို အကြိမ်ကြိမ် ကြားရပေ သည်။ ကြင်နာသယောင်ဖြင့် နှိမ်ချသော စကားဟု ခံစားရသည်။ လူတစ်ယောက်၏ စကား တစ်ခွန်းကို အလေးထားသင့် မထားသင့်ဆိုသည်ကို သူတင်ပြသောအကြောင်းအရာ၊ အချက်အလက်၊ မျှတမှုတို့နှင့် မဆုံးဖြတ်ပဲ ထိုသူ၏ အသက်အရွယ်နှင့် ဆုံးဖြတ်သင့် သလား စဉ်းစား စရာပင် ဖြစ်သည်။ ကျွန်တော်တို့ နိုင်ငံတွင် လူငယ်တစ်ယောက် က ကိစ္စတစ်ခုကို ၀င်ရောက်ဆွေးနွေး လိုလျှင် မင်း ငယ်ပါသေးတယ် ဆိုသည်နှင့် မင်းကများ ကြီးကြီး ကျယ်ကျယ် ဆိုသည့် စကားနှစ် လုံးကြားထဲတွင်ပင် နစ်မြုပ်နေရပေသည်။
ထိုစကား နှစ်လုံး၏ စုပေါင်း အဓိပါယ်မှာ အသက်အရွယ် မပြည့်သေးလျှင် ကြီးကြီးကျယ် ကျယ် မလုပ်ရ မပြောရ ဆိုသော အဓ္ဓိပါယ်နှင့် တူတူပင်ဖြစ်သည်။ ထိုအခါ တိုင်းပြည်ပျက်လေ သည်။ ကျွန်တော်လူကြီးများကို စော်ကားလိုသော စိတ်ကူးမရှိပါ။ သို့သော် ယခုအချိန်တွင် ကျွန်တော်တို့ တိုင်းပြည်သည် အကြောင်းအမျိုးမျိုးအောက်တွင် ကျဆုံးလျက် ရှိနေရာ အဓိက ကျသော အချက်များထဲတွင် ထိုအချက်လည်းပါဝင်ပေသည်။ လူငယ်များ Hip Hop သီချင်း သီဆိုသောအခါ၊ အ၀တ်အစား ကြောင်ကြောင်ကျားကျား ၀တ်ဆင်သည့်အခါ မြန်မာနိုင်ငံကြီး၊ ယဉ်ကျေးမှုကြီး ပျက်စီးမတတ် ပြောဆို တတ်သလောက်။ လူကြီးများ လာဘ်စားသည့်အခါ၊ ကိုယ်ကျင့်တရားမကောင်းသောအခါတွင်တော့ ပါးစပ် ပိတ်နေတတ်လေသည်။ အဘယ်ကြောင့်ဆိုသော် မပြောရဲသောကြောင့် ဖြစ်သည်။ ပြတ်ပြတ် သားသား ပြောရမည်ဆိုပါက ကျွန်တော်တို့၏ ရှေ့မှ လူကြီးများ တာဝန်မကျေပါ။
သို့သော်လည်း ယနေ့တိုင် ညီလေးမင်းငယ်ပါသေးတယ်။ ညီမလေး မင်းငယ်ပါသေး တယ်။ မင်းမသိပဲ လျောက်မလုပ်ပါနဲ့ ငါတို့အစီအစဉ်တွေ ပျက်ကုန်လိမ့်မယ်။ (တကယ်ကတော့ ပျက်သွားလဲ အေးတာပါပဲ။ အချိန်ကုန်ရုံက လွဲပြီးအောင်မှ မအောင်မြင်တာ)။ ဆိုသော စကားများနှင့်သာ လုံးလည် ချာလည် လိုက်နေကြသည်။ ပြောကြပေဦးမည် လူငယ်တွေက အသုံးမှ မကျတာ။ ကျွန်တော်လဲ ပြန်ပြောပါဦးမည် အသုံးကျအောင်မှ မလုပ်ပေးကြတာ။
ကျွန်တော် စင်္ကာပူကို ရောက်လာပါသည်။ သူရို့ တိုင်းပြည် တိုးတက်နေပါသည်။ လူအများ စည်းကမ်းရှိနေကြပါသည်။ သေသေချာချာ လေ့လာကြည့်ပါက ခလေးတစ်ယောက် ဟာ အကြောက်ကလေးတော့ ရှိမှ ဆိုသော စကားမျိုး တစ်ခါမျှ မကြားဖူးပါ။ ခလေးတစ်ယောက် ကို တုတ်နှင့် ရိုက်ဆုံးမသည်ကို လည်း တစ်ခါမျှ မမြင်ဖူးပါ။ ကျွန်တော်များ မှားနေလားတော့ မသိ။ လူများသည် အသိစိတ်ဓါတ်နှင့် နေထိုင်ကြသည် အသိစိတ်ဓါတ်ကို တိုးတက်လာအောင် စာအုပ် စာပေ တို့နှင့် ပြုပြင်ပေးကြသည်။ အကြောက်တရားနှင့် မပြုပြင်ကြပါ။ ထိုသို့ အကြောက် တရားနှင့် မပြုပြင်သော တိုင်းပြည်များ တိုးတက်ပြီး အကြောက်တရား လက်ကိုင် ထားသော ကျွန်တော်တို့ နိုင်ငံ တရုတ်ကျွန်ဖြစ်နေရပေသည်။
ထိုအကျင့်ကြီးကို ကျွန်တော်တို့ ဆုပ်ကိုင်ဦးမည်ဆိုပါက နောက်ထပ် အလွဲကြီး လွဲကြပေဦးမည်။ ထိုအကြောင်းများကြောင့် ကျွန်တော်တို့ လူကြီးပေါက်စ (အသက်ကြီး လာသည်ကို ဆိုလိုပါသည်) များသည် ကျွန်တော်တို့ အလှည့်တွင် တာဝန်ကျေအောင် လုပ်ပြီး ကျွန်တော်တို့၏ နောက်မျိုးဆက်သစ်များကို အကြောက်တရားဖြင့် မဟုတ်ပဲ ဆင်ခြင်တုံ တရားဖြင့် ဘ၀ကို တည်ထောင်နိုင်ရန် စောင့်ရှောက်သင့်ကြောင်း တိုက်တွန်းလိုက်ရပေသည်။

Posted in အတွေ့အကြုံများ | 0 comments
ကျွန်တော့် Blog ကိုလာရောက်ကြသူများ...အားလုံးကို ကျေးဇူးအထူး တင်ရှိပါသည်။
ဒါနဲ့ ဒီ Blog ရဲ့ မူရင်း ဒီဇိုင်နာ ကတော့ Steven Wittens and Stefan Nagtegaal. တို့ပဲ ဖြစ်ပါတယ်။ လိပ်စာကတော့ http://acko.net/ ပဲဖြစ်ပါတယ်။