ရင်ဆိုင်ကြပါဆို အမှန်တရားကို

ကျွန်တော် သိသလောက် နဲ့ ခံစားမိသလောက် နိုင်ငံ အရေးကို ပြောချင်ပါတယ်။ အမှန်အတိုင်းပြောရင် မြန်မာနိုင်ငံနဲ့ ပါတ်သက်တဲ့ Review တွေကို ကျွန်တော် စိတ်ကုန်မိနေပါပြီ။ ဖတ်လိုက်မိတဲ့ Review တွေဆိုတာလဲ မနည်းပါဘူး။ တချို့ Review တွေကလည်း ရှင်းကနဲ လင်းကနဲ ဖြစ်သွားအောင်ကို ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တစ်ခုခုတော့ လုပ်ဖို့တော်ပြီ ထင်ပါတယ်။ ဒီအတိုင်းဆက်သွားနေရုံနဲ့ ပြောနေရုံနဲ့တော့ အဆင်ပြေပါ့မလား စဉ်းစားကြည့်ရုံနဲ့တင် သိသာပါတယ်။

ကျွန်တော်တို့ အခြေအနေကို ကျွန်တော်တို့ ကြည့်ကြရအောင်။ ကျွန်တော်တို့ ဆိုတာ ပြည်ပကိုရောက်နေတဲ့ နိုင်ငံရေးသမား မဟုတ်တဲ့ မြန်မာနိုင်ငံနဲ့ ပါတ်သက်ပြီး စိတ်စေတနာ အပြည့်ရှိကြတဲ့ Blogger တွေ အပါအ၀င် မြန်မာနိုင်ငံသားများ အားလုံးကို ဆိုလိုပါတယ်။ ကိုယ်တိုင် ခံစားကြည့်ရသလောက် ကျွန်တော်တို့ လုပ်နေတဲ့ အလုပ်တွေဟာ

၁။ မြန်မာနိုင်ငံအကြောင်း သတင်းများကို DVB, VOA, BBC, Mizzama, Hit Taing, Irrawaddy, Moemacha အစရှိတဲ့ နေရာတွေမှာ
ကြည့်မယ်။
၂။ မြန်မာပြည်အကြောင်း ဖတ်ပြီး တောက်ခေါက်မယ်၊ ဒေါသထွက်မယ်၊ ဒီခွေးသူခိုးတွေ (နအဖ နဲ့ အလိုက်ဖက်ဆုံးပါ) လို့
ရေရွတ်မယ်။
၃။ အဲဒီနောက်မှာ ဒီသတင်းတွေနဲ့ ပါတ်သက်တဲ့ အရာတွေကို နာမည်ကြီး Blogger တွေ ဆီမှာ ဖတ်ကြမယ်။
၎။ အဲဒီနောက်မှာတော့ ကိုယ့်မှာ Blog ရှိတဲ့သူဆိုပါလျှင် ကိုယ့် Blog မှာ ရေးကြမယ်။

ကျွန်တော်တို့ အများစု ဒီအတိုင်းလုပ်နေကြတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ဘာမှ မလုပ်နိုင်ဘူးလို့ တစ်ယောက်နဲ့ တစ်ယောက် မပြောပဲ သိနေကြလို့ပါ။ နောက်တစ်ခုက နိုင်ငံတကာမှာ လှုပ်ရှားဖို့ အတွက်လည်း ကျွန်တော်တို့ စာအုပ် အနီလေးရဲ့ မျက်နှာကို ပြန်ပြန်ကြည့်နေရလို့ပါ။ ဒါပေမယ့် အားလုံးရဲ့စိတ်ထဲမှာ ဒီအစိုးရ မတရားဘူးဆိုတာကို လူတိုင်းသိပါတယ်။ အစိုးရဖက်က လူတွေရော ပညာတတ်တွေရော မြန်မာပြည်သား မှန်သမျှ သိပါတယ်။

အဲဒီတော့ ကျွန်တော်တို့

“ဘာလုပ်ရင် ကောင်းမလဲ မသိဘူး၊ ဒီအစိုးရကတော့ တော်တော် တရားလွန်နေပြီ”
“ဘာမှ သွားလုပ်မနေပါနဲ့ကွာ ဒီအစိုးရက ဒီအတိုင်းဆို ပြုတ်မှာမဟုတ်ဘူး”
“မြန်မာပြည်ကလူတွေက အေးဆေးပဲ ကိုရီးယားကား တောင် အကြည့်မပျက်ဘူး။ ဒီလူတွေနဲ့တော့ မဖြစ်ပါဘူး”
“မင်း မြန်မာပြည် ပြန်ချင်သေးတယ်ဆို အေးအေး နေပါကွာ”
“မင်း ဟိုရောက်ရင် နိုင်ငံရေး မလုပ်နဲ့နော်”
“နိုင်ငံရေး အကြောင်းတွေ မပြောပါနဲ့”

ဒီလိုမျိုးစကားတွေ ပြောနေမဲ့အစား ကျွန်တော်တို့ တစ်ခုခု လုပ်ကြရအောင်...
ဘာလုပ်ကြသင့်သလဲ ဆိုတာ ကျွန်တော် မသိပါဘူး။ ဘာလုပ်သင့်တယ်လို့ ပြောရလောက်အောင်လဲ အသိဥာဏ်မပြည့်စုံသေးဘူးလို့ ယူဆပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မဖြစ်နိုင်တာတွေကို ပြတ်ပြတ်သားသားဖယ်ပြီး ဖြစ်နိုင်တာတွေကို ဇွဲကောင်းကောင်းနဲ့ လုပ်ကြရအောင်။ အဲတော့ ပထမဆုံး မဖြစ်နိုင်တာတွေကို ဖယ်ကြည့်ရအောင်...

၁။ ကျွန်တော်တို့ မြန်မာပြည်ပြန်ပြီး ဆန္ဒပြကြမလား.... (ရှင်းပါတယ်၊ မလုပ်နိုင်ပါဘူး)
၂။ ကျွန်တော်တို့ အလုပ်ထွက်ပြီး မြန်မာပြည်လွတ်လပ်ရေးအတွက် နိုင်ငံရေးကို ဇောက်ချလုပ်ကြမလား.... (မဖြစ်နိုင်ပါဘူး)
၃။ ကျွန်တော်တို့ လက်နက်ကိုင်ပြီး မြန်မာပြည် နယ်စပ်ကနေစတိုက်မလား (မဖြစ်နိုင်ပါဘူး)
၎။ ကျွန်တော်တို့ နိုင်ငံတကာက ဖိအားတွေ အစိုးရကို ပေးအောင်လုပ်ပြီး အစိုးရပြုတ်ကျအောင် ကြံစည်ကြမလား...
(ကျွန်တော်နည်းနည်းလေး ပြောကြည့်ပါရစေ။ ဒီကိစ္စက ဖြစ်နိုင်သလိုလို ရှိပါတယ်။ အားနည်းချက်တွေက.. ကျွန်တော်တို့ နိုင်ငံကို ကူညီမယ့် သူဆိုတာ
- အမေရိကန် (ဝေးလွန်းပါတယ်၊ တရုတ်နဲ့လဲ ရန်မဖြစ်လိုဟု ယူဆပါတယ်။ ဥပမာ အိုလံပစ်ကို ပါးစပ်နဲ့သာ သပိတ်မှောက်ပါတယ်)
- အင်္ဂလန် (ကျွန်တော်သိသလောက် ပါဝင်မှုနည်းပါတယ်)
- တရုတ် (သူ့အတွက် အများကြီး အကျိုးရှိတဲ့ (ပင်လယ်ထွက်ပေါက်၊ ကုန်သွယ်ရေးလမ်းကြောင်း၊ သယံဇာတ အရင်းအမြစ်
ဘယ်လိုမှ အဆုံးရှုံးမခံနိုင်ပါ)
- အာစီယံ (စင်္ကာပူနိုင်ငံမှ ပညာရှင်အလုပ်သမားပမာဏရဲ့ ရာခိုင်နှုန်းတစ်ခုကို မြန်မာပြည်မှ ပညာတတ်များထံမှ သက်သက်သာသာ
ရပါတယ်၊ မလေးရှား နိုင်ငံတွင် မြန်မာလူမျိုး အများစု ရှိကြပါတယ်။ ထိုင်း စိတ်မချရသော မိတ်ဆွေပါ။ အင်ဒိုနီးရှား သိပ်မကွာလှပါ။)
- UN (ကျွန်တော်သိသလောက် UN တပ်များ မြန်မာပြည် တွင် လူ ၁သန်းလောက် သေဆုံးလျှင်တော့ ရောက်မလား မသိ။
သိပ်မသေချာသေးပါ။)

ဟုတ်ကဲ့ ကျွန်တော်တို့ မလုပ်နိုင်တာတွေ စာရင်းထုတ်ကြည့်လိုက်ပါက ထိုအတိုင်းပင်တွေ့မည် ဖြစ်ပါသည်။ ကျွန်တော်တို့၏ အခြေအနေ အမှန်မှာ ၄င်းအတိုင်းပင် ဖြစ်ပါသည်။ ကျွန်တော်တို့ လုပ်နိုင်သည်များကို စဉ်းစားကြည့်ကြရအောင်

ကျွန်တော်တို့တွင် ဥာဏ်ပညာရှိပါသည်။
ကျွန်တော်တို့တွင် အထိုက်အလျောက်သော ငွေကြေး တတ်နိုင်ပါသည်။
ကျွန်တော်တို့တွင် နည်းပညာ ရှိပါသည်၊ လေ့လာခွင့်ရှိပါသည်။
နိုင်ငံတကာနှင့် ပါတ်သက်သော ဗဟုသုတ ရှိပါသည်။

ထိုအရာများကို အသုံးချ၍ အကျိုးရှိဆုံး ဖြစ်စေရန် မည်သို့ပြုလုပ်ရမည်နည်း ဆိုသည်ကို စဉ်းစားသင့်ပေသည်။
ကျွန်တော်တို့ ပထမဆုံး လူများကို စီစစ်ဖို့ လိုပါသည်။ ကျွန်တော်တို့ Blogger များထဲတွင် စစ်အစိုးရ ဘက်တော်သားများ မပါပဲ စကားပြောဆိုဆွေးနွေးနိုင်ရန် ကြံစည်သင့်ပေသည်။

ဥပမာအားဖြင့်

တစ်ဦးတစ်ယောက်မှ ဦးဆောင်၍ ဖိုရမ် တစ်ခု တည်ထောင်ကာ မြန်မာပြည်အရေးကို ဆွေးနွေးနိုင်ပေသည်။
(ဆွေးနွေးရာတွင် အဖြေထွက်ရန် ရည်ရွယ်ချက်နှင့် ဆွေးနွေးကြပါမည်)
မြန်မာနိုင်ငံရှိ နိုင်ငံရေး၊ စစ်ရေး အဖွဲအစည်းများ အားလုံးကြားတွင် ဆက်သွယ်ရေး စနစ်လုံခြုံချောမွေ့စေရန် ကြိုးစားနိုင်ပါသည်။
မြန်မာနိုင်ငံသား များစွာ ပြည်ပတွင် ရှိပါသည်။ ပိုက်ဆံတတ်နိုင်သူများက တတ်နိုင်သလောက် စုစည်း ကြမည်ဆိုလျှင် ဥပမာအားဖြင့် လူတစ်ယောက်လျှင် US$ 50 လစဉ် မြန်မာနိုင်ငံရေးအတွက် စုဆောင်းထားသည် ဆိုပါစို့ တစ်နှစ်ကြာလျှင် US$ 600 ရပေမည်။ မြန်မာနိုင်ငံသား တစ်သိန်းမျှ ညီညွတ်စွာ လုပ်နိုင်လျှင် US$ သိန်း၆၀၀ ရပေမည့်။ အနည်းဆုံးထိုပိုက်ဆံဖြင့် ဆက်သွယ်ရေး ပစ္စည်းဝယ်နိုင်ပါသည်။

ထိုအလုပ်များကို စိတ်ကူးသက်သက်မဟုတ် အကောင်အထည်ဖေါ်နိုင်သည့် အခြေအနေများ ကျွန်တော်တို့အားလုံးတွင် ရှိပါသည်။

ထို့အတွက် အဓိက လိုအပ်ချက်မှာ

၁။ ကျွန်တော်တို့ ယုံကြည်ချက်ရှိရပါမည်။
(မတရားသော သူမှန်သမျှ မတည်မြဲသည်မှာ သဘာဝဖြစ်ပါသည်။ မည်သူမျှ မယုံကြည်လျှင် နေပါ၊ ကျွန်တော် ဒီအစိုးရ ပြုတ်ကျရမည်ဟု ရင်ထဲ အသည်းထဲမှ ယုံကြည်ပါသည်။)
၂။ ကျွန်တော်တို့ ဇွဲရှိရပါမည်။ စစ်အစိုးရ ပြုတ်မလားမသိဘူး ဟူ၍ လုပ်ကြည့်ခြင်းမျိုး မဟုတ်ပါ။ မပြုတ်ပြုတ်အောင် လုပ်ပါမည်။
နောက်တစ်ချက်မှာ ဟုန်းကနဲထတောက်ခြင်းမျိုး မဟုတ်ပါ ကျွန်တော်တို့ လူနည်းစုမှ စတင်၍ နောက်ပိုင်းပြန့်ပွားလာအောင်
ကြိုးစားရန် ဖြစ်ပါသည်။

ကျွန်တော်တို့ စဉ်းစားအကောင်အထည် ဖော်ကြရအောင်လားဗျာ......

Posted in | 0 comments

Flickr

This is a test post from flickr, a fancy photo sharing thing.

Posted in | 0 comments

ဒီစစ်တပ်ကို ဖြုတ်ချစို့လား....

လူထုဆန္ဒခံယူပွဲ လုပ်တော့မယ်..........

သြော်....... လွန်ခဲ့တဲ့ ၁၈ နှစ်တုန်းက ကျွန်တော် အသက် ၁၁ နှစ်။ အိမ်နားက မဲရုံ တစ်ခုကို တစ်မိသားစုလုံးသွားကြ။ ထောက်ခံမဲ ကို ကြက်ခြေခတ်ပြီး ပေးရမယ်တဲ့.....

“အမေ.. မဲပေးချင်တဲ့သူကို ကြက်ခြေခတ်ရမှာနော်”

ပြောသူက ဖေဖေ...

“အေးပါ... ငါသိပါတယ်”

ပြန်ဖြေလိုက်သူက ကျွန်တော့် အဘွား

တက်ကြွတဲ့ ချေလှမ်းတွေနဲ့ ရှေ့ရောက်နေတာက ကျွန်တော့် အမေ....

ဘာကိုလိုချင်နေမှန်း သေချာမသိပေမယ့် လွတ်လပ်စွာ ဆိုတဲ့ စကားလုံးနဲ့ ရေးသားခွင့်၊ ပြောဆိုခွင့်၊ တွေးခေါ်ခွင့် ဆိုတာတွေကို တွဲစပ်ပြီး အဓ္ဓိပါယ် နားလည်တတ်နေပြီ ဖြစ်တဲ့ ကျွန်တော်။ အ၀တ်အစား လှတ ပတ ၀တ်ပြီး ဘာမှန်းမသိဘဲ ပျော်ရွှင်နေတဲ့ ကျွန်တော့် ညီမ၊ ကျွန်တော်တို့ မိသားစုရဲ့ တိုးတိတ် ငြိမ်းချမ်းစွာ ပျော်ရွှင်မှုတွေကတော့ ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ အမည်ရယ်၊ ခမေါက် အမှတ်တံဆိပ်ရယ် ငါတို့မြန်မာတွေ လွတ်လပ်တော့မယ်ဆိုတဲ့ အတွေးတွေရယ် ပေါင်းစပ်ပြီး တက်ကြွ၊ ရွှင်လန်းနေပါတယ်။

ဖေဖေ တို့ တစ်လှည့်စီ မဲသွားထည့်ကြ အိမ်အပြန်ခရီးမှာတော့ ဖေဖေက

“အမေ.. ဘယ်သူ့ကို မဲထည့်လိုက်လဲ”

“ဟဲ့ ... ဗိုလ်ချုပ်သမီး ပေါ့ဟဲ့”

“ကျွန်တော်က အမေမှားထည့်မိမှာ စိုးလို့ပါ”

“အေးပါ... ငါသိပါတယ်”

ညနေဘက် မဲ ရုံမှာ မဲ ကြေညာတော့

တ.ဆ.ည “...”
တသီးပုဂလ္လ “...”
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် “..”

ဟေး...... ဆူညံလိုက်တဲ့ အသံတွေဆိုတာ တစ်ရပ်ကွက်လုံး ပေါက်ထွက်မတတ်...
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှ ထောက်ခံမဲ “...” နဲ့ အနိုင်ရပါသည် ဆိုတဲ့ အသံကိုတောင် သေသေချာချာ မကြားရလောက်အောင် ဖုံးလွှမ်းနေပါတော့တယ်။ ကျွန်တော်တို့အားလုံးရဲ့ ရင်ထဲမှာ အမျိုးအမည် မဖော်ပြတတ်တဲ့ ၀မ်းသာမှု ပျော်ရွှင်မှု တွေဟာ ထိမ်းသိမ်း မရနိုင်လောက်အောင် တစ်လောကလုံး အပျော်တွေနဲ့ ပြည့်နေပါတယ်။ ပေးခဲ့ရတဲ့ အသက်တွေအတွက် လေးစားစွာ ကြည်ညိုမှု ဦးဆောင် တိုက်ပွဲဝင်ခဲ့တဲ့ ကျောင်းသားများကို အားကျမှု ကျေးဇူးတင်မှု တွေဟာ လူတိုင်းရင်မှာ ပြည့်နှက်နေခဲ့ပါတယ်။

နေရာတိုင်းမှာ ပျော်ရွှင်မှုတွေနဲ့ ပြည့်နေပါတယ်... စစ်တပ်တွေပဲ ရှိတယ်ဆိုတဲ့ နေရာတွေမှာလဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အောင်မြင်မှုတွေဟာ ကြောက်ခမန်းလိလိ.... အပြတ်အသတ် နိုင်ပါတယ် ဆိုတဲ့ သတင်းတွေက နေရာအနှံ့ .....

ဒါတွေကို ဖျက်ဆီးပစ်သူတွေက ယောက်ျားစကား မပြောတဲ့ ယောက်ျားကောင်းဆိုတဲ့ စစ်တပ်။ စစ်တန်းလျားကနေ ဘယ်ကဘယ်လို ရာဇ ပလ္လင်ဖြစ်သွားမှန်းမသိ.... အနိုင်ရပါတီကို အာဏာလွှဲမပေး... ဟိုဟာလုပ်မယ်၊ ဒီဟာလုပ်မယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ်တွေကို အမှုဆင် ဖမ်းဆီး။ အကွက်ချ ဖမ်းဆီး။ ဘာမှကို အကြောင်းမပြဘဲ ဖမ်းဆီး။ ကျွန်တော်တို့ ပြည်သူတွေက ကြည့်နေရတယ် ဘာမှ မလုပ်နိုင်ခဲ့ဘူး....

ကျွန်တော်တို့ ခင်ဗျားတို့ လူတိုင်းလိုလို ကျောင်းသားဘ၀ကို ဖြတ်သန်းလာတာပါ...
ခင်ဗျားလဲ ကျောင်းသားပါ ကျွန်တော်လဲ ကျောင်းသားပါ
ကျောင်းသူတွေဆိုတာ ကျွန်တော်တို့ရဲ့ ညီမတွေ၊ အမတွေ၊ သူငယ်ချင်းတွေပါ
လူထုဆိုတာ ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ မိဘတွေ ဆွေမျိုးတွေပါ
ရဟန်း သံဃာဆိုတာ ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ ခိုကိုးရာ တွေပါ

ခင်ဗျားတို့ ကျွန်တော်တို့ ကျောင်းသားတွေကို သတ်...
ကျွန်တော်တို့ရဲ့ ညီမတွေ အမတွေ ကို အဓမ္မကျင့်၊ သတ်...
ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ မိသားစုတွေကို တကွဲ တပြားဖြစ်အောင်လုပ်...
ဒုက္ခတွေ ဝေနေအောင်လုပ်....
ကျွန်တော်တို့ ခင်ဗျားတို့ ကိုးကွယ်တဲ့ သံဃာကိုသတ်....
တစ်နိုင်ငံ လုံးကို အကွက်ချ ဖျက်ဆီးပြီးတဲ့နောက်မှာ နော်တစ်ခေါက် ပြောပြန်တာက


“လူထု ဆန္ဒခံယူပွဲ လုပ်မယ်တဲ့” .......... စဉ်းစားကြပါဦးဗျာ..........

ကျွန်တော်တို့ ဘယ်နှစ်ခါ ပြောရဦးမှာလဲ.. ဘယ်နှစ်ခါပြရဦးမှာလဲ.. ကျွန်တော်တို့ရဲ့ ဆန္ဒတွေကို
ဆန္ဒတွေ ပြလွန်းလို့လဲ ရင်ဘတ်မှာ အပေါက်တွေ အထပ်ထပ်ဖြစ်နေပြီ

ညစ်တတ်တဲ့၊ ညစ်ပတ်တဲ့
ကတိမတည်တဲ့..
ဒီ အမျိုးကောင်းသားဆိုတဲ့ စစ်တပ်နဲ့တော့
ကျွန်တော်တို့ရဲ့ ဆန္ဒတွေကို ပြရင်းနဲ့ပဲ
လုံးပါး ပါးတော့ မှာပဲ ထင်တယ်...
မနိုင်မချင်း ခေါင်းပန်းလှန်ချင်နေတဲ့သူတွေ
မနိုင်မချင်း ခြေထောက်ထိုးခံ ချင်တဲ့သူတွေ.
မနိုင်မချင်း ထပ်လျှောက်ပါဦးလို့ ပြောတတ်တဲ့သူတွေ

ကဲဗျာ..
ခင်ဗျားလဲ ယောက်ျား ကျွန်တော်လဲ ယောက်ျား
ခင်ဗျားလဲ ဗမာပြည်သား ကျုပ်လဲ ဗမာပြည်သား
ကျုပ်တို့တွေ ဒီအတိုင်းကြည့်နေလို့ကတော့
မြန်မာပြည် ကျွန်ဘ၀က လွတ်မှာမဟုတ်ဘူး

ထမင်းတနပ် စားနေရရင် ပြီးကြကြေးလား
ခင်ဗျား ဗမာပြည်သား မဟုတ်ဘူးလား
ဗမာပြည်ဆိုတာ ဘုရားပေါ် ဘိနပ်စီး အတက်ခံတဲ့ သူတွေ မဟုတ်ဘူး
နေမ၀င် အင်ပါယာ ဆိုတာကြီးတောင် လွတ်လပ်ရေး ပေးပါတော့မယ်လို့ ပြောခဲ့ရတာ
နေမျိုးနွယ်တွေလဲ အကုန်ပြေးခဲ့ကြရတာ
ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်း
ရေတွက်လို့ မရနိုင်လောက်အောင် ပညာရှိ သူရဲကောင်းတွေ ပေါ်ပေါက်ခဲ့တာ
အနုပညာ၊ ယဉ်ကျေးမှုမှာ အရှေ့တောင် အာရှ မပြောနဲ့ တကမ္ဘာလုံးနဲ့ ရင်ဘောင်တန်းနိုင်တာ
ကဲ ဒီ စစ်တပ် မလောက်လေး မလောက်စားကို ကြောက်များနေသလား ကိုယ့်လူ

ကဲ ဗျာ စကားတွေ အသာထားပြီး ဒီစစ်တပ်ကို ဖြုတ်ချလိုက်စို့လား

Posted in အတွေ့အကြုံများ | 2 comments

Blog ဆက်ရေးနေပါဦးမည်

တခြားလူများ Blog ရေးကြသည်မှာ မည်သည် အခက်အခဲများ ကြုံတွေ့ကြသည်ကိုတော့မသိ။ ကျွန်တော် တွင်တော့ တော်တော်ခက်နေသည်။ ကျွန်တော့်တွင် သူငယ်ချင်းတစ်ယောက်ရှိ၏။ ထိုသူငယ်ချင်းမှာ အလွန်တော်သော သူတစ်ယောက် ဖြစ်သည်။ ကျွန်တော်ထက် အသက်အတန် ငယ်သော်လည်း သူ၏ အတတ်ပညာကြောင့် ကျွန်တော် လေးလေးစားစားပင် ဆက်ဆံပါ၏။ Blog ရေးခါစ ကျွန်တော်သည် သူနှင့် ပါတ်သက်သည့် အကြောင်းအရာတစ်ခုကို Blog ပေါ်တွင် ရေးသားလိုက်မိပါသည်။

ထိုနောက် ကျွန်တော်၏ Blog သို့လာကြည့်ကြရန် သူငယ်ချင်းများအားလုံးကို Email ပို့လိုက်ပါသည်။ နောက်တစ်နေ့တွင်ပင် သူနှင့် ကျွန်တော် တခြားကိစ္စတစ်ခုနှင့် ပါတ်သက်၍ စကားများကာ ကျွန်တော်နှင့် သူငယ်ချင်း(မိတ်ဆွေ) အဖြစ်မှ ပြတ်စဲသွားလေသည်။ ကျွန်တော် တော်တော် စိတ်မကောင်းပါ။ ကျွန်တော်၏ အကျင့်တစ်ခုက တော်သောသူ၊ Logic ကောင်းသောသူဆိုလျှင် တော်တော်ခင်တွယ် တတ်သည်။ အဆက်အသွယ်လည်း မပြတ်လိုပါ။ အလွန်တရာ သဘောကျတတ်၏။ ထိုသို့ ခင်မင်သည်နှင့် အမျှ ကျွန်တော် နက်နက် ရှိုင်းရှိုင်း ခံစားရသည်။ ကျွန်တော် စိတ်ထဲတွင် တော်တော်လေး အဆင်မပြေ ဖြစ်သွား၏။ ကိုယ် ရေးထားသော အကြောင်းအရာကို လူအများရှေ့ ချပြရာတွင် တော်တော် ကြောက်ဖို့ကောင်းပါလား ဆိုသော အသိတရား ရလိုက်သည်။

ထိုအခါ ကျွန်တော် ရေးချင်သလို၊ စိတ်ကူးရှိသလို ရေးလိုက်မိသောကြောင့် အဆင်မပြေမှုကို ခံစားရသည် ဟု ကောက်ချက် ချမိသည်။ ထိုအခါ ကျွန်တော်ရေးလိုသော အကြောင်းအရာကို ကျွန်တော်ရေးချင်သလို မှ ရေးခွင့် မရပါလျှင် မည်သည့်အတွက်ကြောင့် Blog ရမည်နည်း ဟု စဉ်းစားမိလာသည်။ သို့နှင့် ပင် ကျွန်တော် Blog နှင့် တော်တော်လေးကို အဆက်ပြတ်သွားသည်။

နောက်နောင်တော့ သတိထားရပေတော့မည်။ စကားမကျွံအောင်၊ နှုတ်မလွန်အောင် ခါးသီးသောအတွေ့အကြုံ သင်ခန်းစာကို သူငယ်ချင်းတစ်ယောက် ရင်းနှီးပြီးမှ ရသော အတွေ့အကြုံမှာ အတော်တန်ဖိုးရှိပေသည်။ ထိုအတွေးနှင့် တစ်ပြိုင်နက်တည်း ရရှိလိုက်သော ခံယူချက်မှာ Blog ရေးသူသည် စဉ်းစားချင့်ချိန် ရုံမျှမက သတ္တိလည်း ရှိဖို့လိုသည်ဆိုသော ကိစ္စဖြစ်ပေသည်။ မိမိပြောလို သော အကြောင်းအရာနှင့် စေတနာ မှန်လျှင်မူ ဆုံးရှုံးမှုများကို ခံနိုင်ရည်ရှိရပေလိမ့်မည်။

ဘာပဲဖြစ်ဖြစ်ပေါ့လေ ကျွန်တော် Blog ဆက်ရေးနေပါဦးမည်။ မည်သူမျှ မဖတ်လျှင်လည်း ဆက်ရေးနေပါဦးမည်။ ပြဿနာများ တက်လျှင်လည်း ဆက်ရေးနေပါဦးမည်။ ဆုံးရှုံးမှုများရှိလျှင်လည်း ဆက်ရေးနေပါဦးမည်။ တစ်ယောက်မျှ မကြိုက်ကြလျှင်လည်း ဆက်ရေးနေပါဦးမည်။


ဟုတ်ကဲ့ပါ..... Blog ဆက်ရေးနေပါဦးမည်။

Posted in အတွေ့အကြုံများ | 0 comments

မင်းငယ်ပါသေးတယ်..

ကျွန်တော် မြန်မာနိုင်ငံတွင် နေစဉ်က အထက်ပါစကားမျိုးကို အကြိမ်ကြိမ် ကြားရပေ သည်။ ကြင်နာသယောင်ဖြင့် နှိမ်ချသော စကားဟု ခံစားရသည်။ လူတစ်ယောက်၏ စကား တစ်ခွန်းကို အလေးထားသင့် မထားသင့်ဆိုသည်ကို သူတင်ပြသောအကြောင်းအရာ၊ အချက်အလက်၊ မျှတမှုတို့နှင့် မဆုံးဖြတ်ပဲ ထိုသူ၏ အသက်အရွယ်နှင့် ဆုံးဖြတ်သင့် သလား စဉ်းစား စရာပင် ဖြစ်သည်။ ကျွန်တော်တို့ နိုင်ငံတွင် လူငယ်တစ်ယောက် က ကိစ္စတစ်ခုကို ၀င်ရောက်ဆွေးနွေး လိုလျှင် မင်း ငယ်ပါသေးတယ် ဆိုသည်နှင့် မင်းကများ ကြီးကြီး ကျယ်ကျယ် ဆိုသည့် စကားနှစ် လုံးကြားထဲတွင်ပင် နစ်မြုပ်နေရပေသည်။
ထိုစကား နှစ်လုံး၏ စုပေါင်း အဓိပါယ်မှာ အသက်အရွယ် မပြည့်သေးလျှင် ကြီးကြီးကျယ် ကျယ် မလုပ်ရ မပြောရ ဆိုသော အဓ္ဓိပါယ်နှင့် တူတူပင်ဖြစ်သည်။ ထိုအခါ တိုင်းပြည်ပျက်လေ သည်။ ကျွန်တော်လူကြီးများကို စော်ကားလိုသော စိတ်ကူးမရှိပါ။ သို့သော် ယခုအချိန်တွင် ကျွန်တော်တို့ တိုင်းပြည်သည် အကြောင်းအမျိုးမျိုးအောက်တွင် ကျဆုံးလျက် ရှိနေရာ အဓိက ကျသော အချက်များထဲတွင် ထိုအချက်လည်းပါဝင်ပေသည်။ လူငယ်များ Hip Hop သီချင်း သီဆိုသောအခါ၊ အ၀တ်အစား ကြောင်ကြောင်ကျားကျား ၀တ်ဆင်သည့်အခါ မြန်မာနိုင်ငံကြီး၊ ယဉ်ကျေးမှုကြီး ပျက်စီးမတတ် ပြောဆို တတ်သလောက်။ လူကြီးများ လာဘ်စားသည့်အခါ၊ ကိုယ်ကျင့်တရားမကောင်းသောအခါတွင်တော့ ပါးစပ် ပိတ်နေတတ်လေသည်။ အဘယ်ကြောင့်ဆိုသော် မပြောရဲသောကြောင့် ဖြစ်သည်။ ပြတ်ပြတ် သားသား ပြောရမည်ဆိုပါက ကျွန်တော်တို့၏ ရှေ့မှ လူကြီးများ တာဝန်မကျေပါ။
သို့သော်လည်း ယနေ့တိုင် ညီလေးမင်းငယ်ပါသေးတယ်။ ညီမလေး မင်းငယ်ပါသေး တယ်။ မင်းမသိပဲ လျောက်မလုပ်ပါနဲ့ ငါတို့အစီအစဉ်တွေ ပျက်ကုန်လိမ့်မယ်။ (တကယ်ကတော့ ပျက်သွားလဲ အေးတာပါပဲ။ အချိန်ကုန်ရုံက လွဲပြီးအောင်မှ မအောင်မြင်တာ)။ ဆိုသော စကားများနှင့်သာ လုံးလည် ချာလည် လိုက်နေကြသည်။ ပြောကြပေဦးမည် လူငယ်တွေက အသုံးမှ မကျတာ။ ကျွန်တော်လဲ ပြန်ပြောပါဦးမည် အသုံးကျအောင်မှ မလုပ်ပေးကြတာ။
ကျွန်တော် စင်္ကာပူကို ရောက်လာပါသည်။ သူရို့ တိုင်းပြည် တိုးတက်နေပါသည်။ လူအများ စည်းကမ်းရှိနေကြပါသည်။ သေသေချာချာ လေ့လာကြည့်ပါက ခလေးတစ်ယောက် ဟာ အကြောက်ကလေးတော့ ရှိမှ ဆိုသော စကားမျိုး တစ်ခါမျှ မကြားဖူးပါ။ ခလေးတစ်ယောက် ကို တုတ်နှင့် ရိုက်ဆုံးမသည်ကို လည်း တစ်ခါမျှ မမြင်ဖူးပါ။ ကျွန်တော်များ မှားနေလားတော့ မသိ။ လူများသည် အသိစိတ်ဓါတ်နှင့် နေထိုင်ကြသည် အသိစိတ်ဓါတ်ကို တိုးတက်လာအောင် စာအုပ် စာပေ တို့နှင့် ပြုပြင်ပေးကြသည်။ အကြောက်တရားနှင့် မပြုပြင်ကြပါ။ ထိုသို့ အကြောက် တရားနှင့် မပြုပြင်သော တိုင်းပြည်များ တိုးတက်ပြီး အကြောက်တရား လက်ကိုင် ထားသော ကျွန်တော်တို့ နိုင်ငံ တရုတ်ကျွန်ဖြစ်နေရပေသည်။
ထိုအကျင့်ကြီးကို ကျွန်တော်တို့ ဆုပ်ကိုင်ဦးမည်ဆိုပါက နောက်ထပ် အလွဲကြီး လွဲကြပေဦးမည်။ ထိုအကြောင်းများကြောင့် ကျွန်တော်တို့ လူကြီးပေါက်စ (အသက်ကြီး လာသည်ကို ဆိုလိုပါသည်) များသည် ကျွန်တော်တို့ အလှည့်တွင် တာဝန်ကျေအောင် လုပ်ပြီး ကျွန်တော်တို့၏ နောက်မျိုးဆက်သစ်များကို အကြောက်တရားဖြင့် မဟုတ်ပဲ ဆင်ခြင်တုံ တရားဖြင့် ဘ၀ကို တည်ထောင်နိုင်ရန် စောင့်ရှောက်သင့်ကြောင်း တိုက်တွန်းလိုက်ရပေသည်။

Posted in အတွေ့အကြုံများ | 0 comments

လက်ရှိအခြေအနေနှင့် ရှေ့ဆက်ရမည့်ခရီး

ပထမဆုံး ပြောချင်တာကတော့ ကျွန်တော် ဘာမှမဟုတ်ဘူးဆိုတာပါ။ ကျွန်တော့် Blog ရဲ့ နာမည်အတိုင်းပါပဲ။ မိတ်ဆွေတို့မြင်နေကျ မိတ်ဆွေတို့ဘေးအိမ်က လူတစ်ယောက်လို သာမန်ပါ။ သာမန်နေထိုင်ပါတယ်။ သာမန်ပြောဆိုပါတယ်။ သာမန်ပညာတတ်ပါတယ်။ သာမန်အသက်မွေး ၀မ်းကျောင်းအလုပ် လုပ်ကိုင်ပါတယ်။ ကျွန်တော်ပြောတဲ့စကားများဟာလဲ သာမန် ပြည်သူတစ်ယောက်ရဲ့ ရင်ဖွင့်တဲ့စကားများလို့သာ မှတ်ယူစေချင်ပါတယ်။ မှားချင်လဲမှားနိုင်ပါတယ်။ မှန်သင့်သလောက်လဲ မှန်ပါလိမ့်မယ်။ သေချာတာတစ်ခုကတော့ ကျွန်တော် ရိုးသားစွာ ပြောပါမယ်။

လက်ရှိအခြေအနေ

ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ရွှေဝါရောင်တော်လှန်ရေး စတင်ဖြစ်ပွားခဲ့သည်။ တိုင်းသူပြည်သားများ အုံးအုံး၊ ကျွက်ကျွက် ပါဝင်ခဲ့သည်။ ကျွန်တော်တို့မေ့ထားလို့မရသည်မှာ ကြံဖွံ့နှင့် စွမ်းအားရှင်ကဲ့သို့သော မိမိတဖို့ထဲသာကြည့်သောသူများလည်း ပေါ်ပေါက်လာလေသည်။ အချို့ဆိုပါလျှင် ၁၉၈၈ အရေးအခင်းတွင် ရှေ့တန်းမှပါဝင်ခဲ့သူများပင် ပါသေးသည်ဟု ကြားရပေသည်။ ရွှေဝါရောင်တော်လှန်ရေး၏ ပထမပိုင်း နေ့ရက်များတွင် ကျွန်တော်အားတက်မိလေသည်။ သတင်းများကို ဖတ်တိုင်းလည်း အားရစရာ အကြောင်းများသာ ကြားရလေသည်။
သံဃာတော်များ ဒေါ်အောင်ဆန်းစုကြည် အိမ်ရှိရာသို့သွားသည့်သတင်းနှင့် အန်တီစုမှ ထွက်လာကာ သံဃာများကို ဂါရ၀ ပြုသောနေ့သည် ကျွန်တော်ဘ၀တွင် တက်ကြွခြင်းများ မျှော်လင့်ချက်များနှင့် ၀မ်းသာကြည်နူးမှုကြောင့် ကျသော မျက်ရည်ဆိုသည်ကို အပြည်အ၀ ခံစားရလေသည်။ ရင်ထဲတွင် မထိမ်းသိမ်းနိုင်လောက်အောင် တုန်လှုပ်မိသည်။ တက်ကြွမိသည်။ သြော် တပ်မတော်သားများသည်လည်း သံဃာတော်များကိုတော့ မပစ်ခတ် သံဃာတော်များ၏ မေတ္တာစွမ်းများဖြင့် ကျွန်တော်တို့ နိုင်ငံကြီး ငြိမ်းချမ်းရပေတော့မည်ဟု ၀မ်းသာမိသည်။ ဆရာတော်၊ သံဃာတော်များနှင့် ဆက်ဆံမှုများဖူးသောကြောင့် ကျွန်တော်သံဃာတော်များကို အလွန်ယုံကြည်ပေသည်။ ဥာဏ်ပညာ ကြီးမားမှု ရိုးသားမှု၊ စိတ်ရှည်မှု၊ သည်းခံမှု စသည့်အရာများတွင် သံဃာတော်ဆိုသည့်အတိုင်း အလွန်မှ လေးစားကြည်ညိုဖွယ် ကောင်းလှပေသည်။ ထိုနောက်တွင်ကား အစိုးရမှ စတင်ပစ်ခတ် ကြောင်းကြား ရသည့်နေတွင် ကျွန်တော်စိတ်ထဲတွင် ပထမ ဒေါသထွက်မိသည်။ နောက်ပိုင်းခံစားရသည်မှာ ဒေါသမဟုတ်တော့ချေ။ ၀မ်းနည်းမှုများပင်ဖြစ်ပေသည်။ ကျွန်တော်တို့ မြန်မာလူမျိုးများသည် ဤမျှလောက်ထိအောင် ရိုင်းစိုင်းကုန်ပြီလား။ ဘုရားကို ဘုရားမှန်းမသိအောင် တရားကို တရားမှန်းမသိအောင်၊ သံဃာကို သံဃာမှန်းမသိအောင် ရိုင်းစိုင်းကုန်ပြီလား။ ဘုရားပေါ်သို့ နိုင်ငံခြားသားများ ဖိနပ်စီးတက်ရာမှစတင်ခဲ့သော သပိတ်သည် မြန်မာနိုင်ငံလွတ်လပ်ရေး ရသည်အထိအရေးပါခဲ့ပေသည်။ ထိုသို့သော နိုင်ငံတွင် ယခုကဲ့သို့သော အပြုအမူမျိုးကို လက်ခံနိုင်သော နိုင်ငံသားများရှိနေပြီလား။ ထိုကဲ့သို့သော အမှုမျိုးကို မိမိတို့ကိုယ်တိုင် ကျူးလွန်ရမည်ကို ၀န်မလေးသည့်တိုင်အောင် မိုက်မဲသူများရှိနေပြီလား။ မိမိတို့တဘ၀တာ ကောင်းစားရေးကို ဦးစားပေးလိုသူများရှိနေပြီလား။ မည်ကဲ့သို့မျှ မဖြေနိုင်သော မေးခွန်းများဖြင့် ကျွန်တော်တို့ ၀မ်းနည်းခဲ့ရသည်။ အဆုံးစွန်ဆုံးထိတိုင်အောင် မိုက်မဲခဲ့ကြသော မြန်မာများသည် ကျွန်တော်တို့နိုင်ငံတွင် ထွက်ပေါ်ခဲ့သည်။ သံဃာတော်ကို ရိုက်ဝံ့သူများထွက်ပေါ်ခဲ့သည်။ သံဃာတော်ကို ပစ်ဝံ့သူများထွက်ပေါ်ခဲ့သည်။
စစ်အစိုးရ၏ မိုက်ရိုင်းမှုမှာ သံပတ်ကုန်နေပြီဖြစ်ပေသည်။ ထိုထက်ပို၍ ရိုင်းစိုင်းစရာ ကမ္ဘာပေါ်တွင် မရှိတော့ပေ။ မိမိတို့နေ့စဉ်ရှိခိုးနေကြသော ဘုရား၊ တရား၊ သံဃာ ဆိုသည် ရတနာသုံးပါ၏ မျက်နှာကိုမျှ မထောက်ထားမှုသည် စစ်အစိုးရ၏ သံပါတ်ကုန်နေမှုပင်ဖြစ်သည်။ ထိုဖြစ်စဉ်များတွင် ဘုရားကို ဘုရားမှန်း မသိသော၊ သံဃာကို သံဃာမှန်းမသိသော စစ်သားများလည်းပါသည်။ စစ်သားများကို မဖွယ်မရာ ပြနေသောသူများလည်း ပါပေသည်။ မည်သည့်မျက်နှာကိုမျှ မထောက်ပဲ ပိုက်ဆံထောင်ဂဏန်းမျှ ရဖို့အတွက် တုတ်ကိုင်ရဲသောစွမ်းအားရှင်ဆိုသူများလည်းပါပေသည်။ ထိုသူများသည်လည်း ပြည်သူများထဲမှ ဖြစ်ပေသည်။ ထိုကဲ့သို့သောသူများကို အဘယ်ကဲ့သို့သော မိခင်က မွေးထုတ်ပေးသနည်းဟု မေးရမလိုပင်ဖြစ်နေသည်။ ကျွန်တော်တို့၏ ရွှေဝါရောင်တော်လှန်ရေးသည် ပြီးမြောက်သည့်တိုင်အောင်ဆင်နွဲရန် စတင်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ထိုသို့သောလူများ၏ ကြားတွင် အပြည့်အ၀ မအောင်မြင်ခဲ့ပေ။
အရှုံးထဲမှ အမြတ်မှာ ဦးဇာဂနာကဲ့သို့သော၊ ဦးကျော်သူကဲ့သို့သော၊ ဦးအောင်ဝေး ကဲ့သို့သော လူမျိုးများ ပေါ်ထွက်လာခဲ့သည်။ Blogger များစွာလင်းလက်ခဲ့သည်။ ကျွန်တော်တို့သတင်းများကို ထို Blogger များထံမှဖတ်ကြရပေသည်။ အပိုအလိုမရှိသော သတင်းများ ရခဲ့ကြသည်။ ရိုးသားသော၊ မည့်သူ့မျက်နှာမျှ မကြည့်သော၊ လွတ်လပ်သော၊ ပွင့်လင်းသော သတင်းများဖတ်ခဲ့ကြရသည်။ ထိုသတင်းများမှတဆင့် တကမ္ဘာလုံး သိခွင့်ရခဲ့ကြသည်။ သတင်းမီဒီယာများရှိသော်လည်း စိတ်ထဲတွင်ရှိသည့် အတိုင်းပြောရလျှင် အားမရနိုင်။ ဥပမာအားဖြင့် VOA, DVB စသည့် သတင်းမီဒီယာများ သည် ရိုးသားသော၊ ပွင့်လင်းသော၊ လွတ်လပ်သော၊ မည်သူမျက်နှာမျှ မကြည့်သော သတင်းများထုတ်မပေးနိုင်ခဲ့ချေ။ VOA မှ သတင်းထုတ်ပြန်သည်မှာ နောက်ကျနေပြီး။ DVB မှ မိမိလိုရာကို ဆွဲပြောလိုသောစိတ်များနေသည်။ ကိုနစ်နေမန်းတို့ ကိုကဒေါင်းညင်သာတို့ ကိုထိုက် တို့ကဲ့သို့သော သတင်းမျိုးကို မပေးနိုင်ခဲ့ပေ။

ကျွန်တော်တို့အဆုံးစွန်ထိ မအောင်မြင်သေးခြင်းမှာ ပြတ်ပြတ်သားသားဝေဖန်ရလျှင် နအဖ၏ လူမဆန်မှု နှင့် ကျွန်တော်တို့တွင် တိကျသောခေါင်းဆောင်မှုမရှိခြင်း တို့ကြောင့်ဖြစ်သည်။ ယခုထက်တိုင် ပန်းတိုင်ကိုမည်သို့သွားရမည်နည်း ဆိုသည်မှာေ၀၀ါးနေတုန်းပင်ဖြစ်သည်။ မည်သည့်လမ်းကြောင်း နှင့် သွားမည်နည်း တိတိပပ မည်သူမျှ မပြောနိုင်ပေ။ ကျွန်တော်တို့အမြင်အားဖြင့် ကျွန်တော်တို့အားလုံးတွင် တိကျပြတ်သားသော လမ်းကြောင်းရှိရမည်။ ထိုလမ်းကြောင်းကို တိကျပြတ်သားယုံကြည်စွာဖြင့် အကောင် အထည်ဖော်မည့်သူများလိုအပ်ပေသည်။ ဒီမိုကရေစီ အရေးကို ပြင်းထန်သောယုံကြည်ချက်၊ ကြီးမားသော ဥာဏ်ပညာ၊ တိုင်းပြည်အတွက်မှ လွဲ၍ ဘာမှစိတ်မ၀င်စားနိုင်လောက်အောင် ရိုးသားမှု စသည့် အရည်အချင်း များနှင့်ပြည့်စုံသော သူများလိုအပ်သည်။ အဓိကအားဖြင့် လိုအပ်သည်မှာ ရိုးသားမှု ဖြစ်သည်။ ကျွန်တော်တို့၏ လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ အရည်အချင်းများတွင် အထင်ပေါ်ဆုံး အရည်အချင်းမှာ ရိုးသားမှု နှင့် ကိုယ်ကျိုးစွန့်မှု ဖြစ်သည်။ ကျွန်တော်နိုင်ငံရေးနားမလည်ပါ။ နိုင်ငံရေးတွင် လည်ပတ်ရသည် ဆိုသည်ကိုလည်းနားမလည်ပါ။ လည်ပတ်သည်ဆိုသည်မှာ မရိုးသားမှုနှင့် စည်းပါးပါးလေးသာ ခြားတော့သော အရာဖြစ်သည်။ ထိုကြောင့် မထိမ်းသိမ်းနိုင်သူများအဖို့ လည်ပတ်ရင်းနှင့် မရိုးသားတော့သည်ကို တွေ့ရသည်။

ဤစကားကို ရေးရမည်လက်တွံ့သော်လည်း မနေနိုင်သောကြောင့် ရေးရပေတော့မည်။ ကျွန်တော်တို့သည် တခါတရံ တစ်ဖက်သတ်ဆန်လွန်းသည်။ ကျွန်တော်ဆိုလိုချင်သည်မှာ ကျွန်တော်တို့သည် နအဖကို မကောင်းပြောတိုင်း၊ အခြေအနေကို အမှန်အတိုင်းမပြောဘဲ၊ နအဖကို ဆဲသမျှ၊ တော်လှန်ရေးကြီး အောင်မြင်နေသည်ဟု ပြောသမျှ ထောက်ခံနေမည်ဆိုလျှင်လည်း သိပ်တော့ သဘာဝ မကျလှပါ။ "Free Burma" အော်တိုင်း ထောက်ခံ နေမည် ဆိုပါကလည်း သဘာဝမကျပါ။ မနိုင်းနိုင်းစနေ ရေးသော Blog ထဲတွင် America ၌ "Free Burma" အော်၍ အခွင့်အရေးယူလိုသူများ လည်းရှိကြ သေးသည်။ ထိုသူများကို သူရဲကောင်းကြီးများ အဖြစ် သတ်မှတ်ရန်မှာလည်း သိပ်မသင့်တော်လှပါ။ အမှန်တကယ် မိမိတတ်စွမ်းသလောက် လုပ်ကြသော သူများကို မဆိုလိုပါ။ နောက်တစ်ခုမှာ အသံလွှင့်ဌာနများ ဖြစ်သည်။ Blog ဆိုသည်မှာ မြန်မာနိုင်ငံ ပြည်သူအားလုံးသို့ ပြန့်နှံ့လောက်အောင် မစွမ်းနိုင်ပါ။ Internet Connection ကို ပိတ်လိုက်သည်နှင့် ပြည်တွင်းသတင်းများ အပြင်ထွက်ဖို့ခက် ပြည်ပမှ ရေးသားသော သတင်းများ ပြည်သူများ ကြည့်ရဖို့ခက် ဆိုသောအခြေအနေသို့ ချက်ချင်း ရောက်သွားသည်။ ထိုအချိန်တွင် မြန်မာနိုင်ငံအကြောင်း အပြည့်အ၀ ပြောနိုင်သည်မှာ အသံလွှင့်ဌာနများသာလျှင် ရှိပေတော့သည်။ အသံလွှင့်ဌာနများမှတဆင့် ပြည်သူများကို ဦးဆောင်နိုင်သည်။ ထိုကဲ့သို့ ဦးဆောင်နိုင်ရန်မှာ လုံလောက်သော ခိုင်မာတည်ကြည်သော ဂုဏ်သရေရှိဖို့၊ ပြည်သူ၏ ယုံကြည်မှု ကို ပိုင်ဆိုင်ဖို့ လိုအပ်ပေသည်။ ထိုအသံလွှင့်ဌာနများတွင် ဦးတည်ချက်၊ ရည်ရွယ်ချက် ရှိသင့်သည်။ အမှန်အတိုင်း ပြောရလျှင် အသံလွှင့်ဌာန မှပြောသည်ကို မယုံကြည်နိုင်သော သူများ (ဒီမိုကရေစီ ဘက်တော်သားများ) များစွာရှိကြသည်။ အသံလွှင့်ဌာနများသည် တခါတရံတွင် မခိုင်လုံသော သတင်းများ ထုတ်လွှင့်တတ်သည်။ ထိုသတင်းများ လွဲချော်သွားသော အခါ ပြည်သူလူထုတွင် စိတ်တွင် မည်ကဲ့သို့ ယုံကြည်ရမည် မသိဖြစ်လာသည်။ အသံလွှင့်ဌာနများအနေနှင့် သတင်းလတ်ဆတ်မှုနှင့် သတင်းတိကျမှုရှိရန် လုပ်ဆောင်မှုကြားတွင် အခက်အခဲရှိသည်ကို နားလည်ပါသည်။ သို့သော် ထိုအကြောင်းကြောင့် သတင်းမမှန်ကန်နိုင်ပါဆိုလျှင် ကျွန်တော် ကန့်ကွက်ပါသည်။ ထိုအရာသည် အချိန်နှင့် တပြေးညီ အသံလွှင့်နေရသော အသံလွှင့်ဌာန၏ အလုပ်ပင်ဖြစ်ပေသည်။ နောက်အကြောင်း တစ်ခုမှ အသံလွှင့်ဌာနမှ Interview များဖြစ်သည်။ တစ်ခါတရံတွင် လမ်းကြောင်းပေး၍ မေးနေသကဲ့သို့ ခံစားရသည်။ ထိုအားနည်းချက်မှာ Interviewer ၏ အားနည်းချက်ဖြစ်သည်။ ပြင်ဆင်သင့်ပေသည်။

ရှေ့ဆက်ရမည့်ခရီး

အထက်ပါအချက်အလက်များ ပေါင်းဆုံခဲ့သောအခါ ကျွန်တော်တို့လုံလောက်သော အောင်မြင်မှု မရခဲ့ပါ။ ပြည်သူတို့၏ အသက်များစတေးခဲ့ရသည်။ ထိုစတေးခံရမှုသည် အလကားမဖြစ်သင့်ပါ။ ကျွန်တော်တို့သည် ထိုသူများ လိုလားခဲ့သည့် ပန်းတိုင်သို့ရောက်အောင် မဖြစ်မနေ ရှေ့ဆက်ကြရပေမည်။ ထိုသို့ရှေ့ဆက်ရန်အတွက် အထက်တွင်ပြောခဲ့သည့်အတိုင်း တိကျခိုင်မာသော လမ်းကြောင်းလိုအပ်ပေ သည်။ မဟာဗျူဟာ၊ နည်းဗျူဟာများ လိုအပ်ပေသည်။ ကျွန်တော်တို့အတွက် ထိုအရာသည် ကျန်သော အရာများအားလုံးထက် ပိုမိုအရေးကြီးပေသည်။

ထိုလမ်းကြောင်းကိုရှာဖွေရန် အကောင်အထည်ဖော်ရန် နည်းလမ်း နှစ်မျိုးရှိသည်။ ပထမ နည်းလမ်းမှာ အားလုံးတညီတညွတ်တည်း ကြိုးစားရမည့် လမ်းကြောင်းကို အားလုံး၏ သဘောတူညီချက်ဖြင့် ရွေးချယ်ကြရန် ဖြစ်သည်။ အားလုံးဆိုသည့်နေရာတွင် NLD, ပြည်ပရောက် လူငယ်အင်အားများ၊ မြန်မာနိုင်ငံရှိ ၈၈ ကျောင်းသားခေါင်းဆောင်များ၊ တိုင်းရင်းသား အစုအဖွဲ့များ အားလုံး ပါဝင်သည်။ အားလုံး လက်ခံသော သဘောတူညီမှု ရရန်ဖြစ်သည်။ သို့မှသာလျှင် လူများအားလုံး၏ တညီတညွတ်တည်းသော ထောက်ခံမှုနှင့် အောင်ပွဲရအောင် ကြံဆောင်နိုင်မည်ဖြစ်သည်။ ထိုအဖွဲ့အစည်းများ ထဲမှ နိုင်ငံအတွက် အသက်စွန့်နိုင်သော၊ ရိုးသားသော သူများ ရနိုင်သလောက်လိုပေသည်။ တစ်ဦးမဟုတ် ၁၀ ဦးမဟုတ်၊ ၁၀၀ မဟုတ်၊ ၁၀၀၀ မဟုတ်၊ ၁၀၀၀၀ ရနိုင်သလောက်လိုပေသည်။ ထိုသူများအားလုံးသည် နိုင်ငံနှင့်လူမျိုးအတွက် အသက်စွန့်မည့်သူများ ဖြစ်ရပေမည်။ ထိုသူများသည် အားလုံးစုပေါင်း ဆုံးဖြတ်ထားသော လမ်းကြောင်းများကို အကောင်အထည်ဖေါ်သူများ ဖြစ်ပေမည်။

ဒုတိယနည်းလမ်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုမင်းကိုနိုင်၊ ကိုကိုကြီးအစရှိသည့် ခေါင်းဆောင်ကောင်းများ ပြန်လည် လွတ်မြောက်ရေးပင်ဖြစ်သည်။ ထိုလွတ်မြောက်ရေးကိုပင် မိမိတို့တတ် နိုင်သည့်ဘက်မှ (ကျန်သည့် အကြောင်းအရာများကိုမေ့ထားကာ) အားသွန်ခွန်စိုက် ကြိုးပမ်းပြီး ၄င်းတို့၏ လမ်းညွှန်ချက်များအတိုင်း အားလုံး သဘောတူညီစွာ ၀ိုင်းဝန်းဆောင်ရွက်ကြဖို့ဖြစ်သည်။ ထိုခေါင်းဆောင်များ၏ အရည်အချင်းများ၊ ကိုယ်ကျိုးစွန့်မှုများ၊ နိုင်ငံအကျိုးအတွက် လုပ်ကိုင်ခဲ့မှုများ မှာ မည်သူမျှ မလေးစား မကြည်ညိုဘဲ မနေနိုင်အောင် ထင်ရှားခဲ့ပြီးဖြစ်သည်။ ထိုခေါင်းဆောင်များ၏ ပြောစကား များသည် လွန်စွာမှ အောင်မြင်ဖို့ရှိလေသည်။

နည်းလမ်း နှစ်မျိုးလုံးတွင် အားနည်းချက်၊ အားသာချက်များရှိပေသည်။ ပထမတစ်မျိုးမှာ အမှန်တကယ် အလုပ်လုပ်နေသူတိုင်းက စိတ်ကူးယဉ်ဆန်သည်ဟု ပြောပေမည်။ ထိုကဲ့သို့သော ပြည်လုံးကျွတ်ဆွေးနွေးပွဲမျိုးလုပ်နိုင်ရန်မှာ မဖြစ်နိုင်ဟုပင်ပြောပေမည်။ ကျွန်တော်တို့ မြန်မာ Blogger များအနေနှင့် ၀ိုင်းဝန်းဆွေးနွေး၍ နည်းပညာ အကူအညီဖြင့် နည်းလမ်းများ ရှာကြံနိုင်မည်ဆိုလျှင်တော့ ဖြစ်နိုင်ချေရှိပေသည်။ အဓိကအချက်မှာ အဖွဲ့အစည်းပေါင်းစုံမှ ၀ိုင်းဝန်းဆွေးနွေးပြီးသောအခါ ထွက်လာသော အချက်အလက် ဆုံးဖြတ်ချက်များသည် တိကျခိုင်မာမှု၊ တတ်နိုင်သမျှ အသေးစိတ်ကျမှု လိုအပ်ပေသည်။ တပြိုင်တည်းမှာပင် မပေါက်ကြားရန် လိုအပ်ပေသည်။ ပါဝင်ပတ်သက်သူတိုင်း၏ ရိုးသားမှု လိုအပ်ပေသည်။

ဒုတိယ နည်းလမ်းတွင်လည်း လူတိုင်း၏ ကြိုပမ်းအားထုတ်မှု မဖြစ်မနေလိုအပ်ပေသည်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးမှာ ကျွန်တော်တို့၏ အဓိက ရည်ရွယ်ချက်ဖြစ်သလို နအဖ အကြောက်ဆုံးအရာဖြစ်သည်။ ဤအလုပ်သည်လည်း အလွန်တရာမှခက်ခဲပေလိမ့်မည်။ သို့သော် မဖြစ်နိုင်သော အရာမဟုတ်ပါ။

ဒုတိယနည်းလမ်း၏ အားသာချက်များမှာ ကျွန်တော်တို့ မြန်မာ Blogger များအနေနှင့် မိမိတို့ ကိုယ်တိုင် စတင်နိုင်ခြင်းဖြစ်သည်။ ကျွန်တော်တို့တွင် ဖိနှိပ်ခံရသော နိုင်ငံခေါင်းဆောင်များ လွတ်မြောက် လာမှုများ၊ လွတ်မြောက်ရန် ၀ိုင်းဝန်းကြိုးပမ်းမှုများကို နမူနာအနေနှင့် လေ့လာခွင့်များစွာရနိုင်သည်။ ထိုနည်းလမ်းများ ထဲမှ မိမိတို့ လုပ်သင့်သော နည်းလမ်းများကို ၀ိုင်းဝန်းစဉ်းစား ရွေးချယ်၍ရသည်။ ကျွန်တော်တို့ Blogger များထဲတွင် အရည်အချင်းရှိသော Blogger များစွာရှိသည်ကို တွေ့နိုင်သည်။ ထိုသူများမှ ဦးဆောင်ကာ တိုက်ပွဲဝင်၍ ရနိုင်သည်။

ဒုတိယနည်းလမ်း၏နောက်အားသာချက် တစ်ခုမှာ ကျွန်တော်တို့ မြန်မာနိုင်ငံ၏ အခြေခံသည် သူရဲကောင်းအားကိုးသည့် အစဉ်အလာရှိသည်။ ဗဟိုချုပ်ကိုင်မှုအောက်တွင် လုပ်ကိုင်သော အစဉ်အလာရှိသည်။ ထို့ကြောင့် အကယ် ၍ ဒေါ်အောင်ဆန်းစုကြည်သာ လွတ်မြောက်လာမည်ဆိုပါက ကျွန်တော်တို့၏ ပန်းတိုင်သည် ၇၀% နီးစပ်လာခြင်းပင် ဖြစ်သည်။

ကျွန်တော်အစ၌ ပြောခဲ့သလိုပင် ကျွန်တော်ဘာမှမဟုတ်ပါ။ ကျွန်တော်ဥာဏ်လေး တထွာတမိုက် ဖြင့် သို့သော်စေတနာနှင့် ရိုးသားစွာ ပြောလိုသည်ကို ပြောခြင်း ဖြစ်ပါသည်။ ကျွန်တော် Blog တော်တော် များများကို ရက်တော်တော်ကြာကြာ သွားကြည့်ဖြစ်သည်။ ယခင်တင်ထားသော ပိုစ့် အဟောင်းများစွာကို လည်း ဖတ်ဖြစ်သည်။ Blogger များ၏ အရည်အချင်းများကိုလည်း များစွာ လေးစားမိပေသည်။ နည်းပညာ နှင့်ပါတ်သက်၍ အလွန်နှံ့စပ်သော Blogger များ။ ဥာဏ်ပညာ ကြီးမားသော Blogger များ များစွာတွေ့ခဲ့ ပေသည်။ ကျွန်တော်တို့နိုင်ငံအတွက် အားကိုးချင်ပါသည်။

ကျွန်တော် ရေးခဲ့ဖူးသော Blog ယဉ်ကျေးမှုမှာကဲ့သို့ပင် ကျွန်တော်နှင့် Blog ဆိုသည်မှာ လုံးလုံး အကျွမ်းတ၀င် မရှိသေးပါ။ မည်သည့်စကားကို ပြောသင့်သည် မပြောသင့်သည် မသိသေးပါ။ သို့သော် တစ်ဦးကို တစ်ဦး Tag လုပ်သည်ဆိုသည်စကားကို လွန်စွာကြားခဲ့ရသည်။ ဖြစ်နိုင်လျှင် ယခုအကြောင်းနှင့် ပါတ်သက်၍ အားလုံးကို Tag လုပ်ချင်ပါသည်။ နည်းပညာ မကျွမ်းကျင်သောကြောင့် စာနှင့်သာ Tag လုပ်တတ်သည်ကို ခွင့်လွှတ်ပါ။

ကျွန်တော်၏ စိတ်ကူးမှာ အကို၊ အမ၊ ညီမ တို့အားလုံး မိမိတို့ ကိုယ်ပိုင် Blog များတွင် လည်းကောင်း၊ အားလုံးသိသော အားလုံးပိုင်ဆိုင်သော Blog အသစ်တစ်ခု ဆောက်၍ လည်းကောင်း ကျွန်တော်တို့ ရှေ့ဆက်ရမည့် ခရီးကို ၀ိုင်းဝန်းရွေးချယ်ကြပါ။ မိမိတို့လုပ်နိုင်သော အထဲမှ အကောင်းဆုံး လမ်းကို ၀ိုင်းဝန်း ကြံဆောင်လုပ်ကိုင်ကြပါ ဟု ပြောလိုပါသည်။

ကျွန်တော့်၏ Blog ကို အစမှ အဆုံးတိုင်အောင် စိတ်ရှည်သည်းခံကာ ဖတ်ရှုပေးသည့် အတွက် အမှန်တကယ်ကိုပင် ကျေးဇူးတင်ပါသည်။ ကျွန်တော်အရေးအသားများ မှားယွင်းခဲ့သည်ရှိသော ခွင့်လွှတ်ပေးကြပါဟု ရိုသေ လေးစားစွာ တောင်းပန်အပ်ပါသည်။

Posted in အတွေ့အကြုံများ | 0 comments

နိုင်ငံရေး Tittle မိတ်ဆက်

ကျွန်တော် ဒီအကြောင်းကိုရေးချင်တာ ကြာပါပြီ။ ကျွန်တော့်အကျင့်တစ်ခု က သေသေချာချာ မသိဘဲနဲ့ ဝေဖန်ရေးဆိုတာမျိုး မလုပ်ချင်ဘူး။ ကျွန်တော်ကိုယ်တိုင်ကလဲ ဒေါသထွက်တာလောက်ပဲ တတ်တာ။ "ငအ" တွေကိုဆဲချင်တာတောင် အပေါက်အလမ်းတည့်အောင်ဆဲတတ်တာ မဟုတ်တော့ အခက်သား.. စာရေးချင်တာကတော့ မြန်မာပြည်မှာကတည်းကပဲ ဒါပေမယ့် သိတဲ့အတိုင်း Internet Connection ရယ်.. Eleciricity ရယ်... Transportation ရယ်... အကြောင်းတွေ ပေါင်းဆုံတဲ့အခါကြတော့ သိချင်တဲ့ အကြောင်းရှိရင်တောင် Internet ဆိုင်မှာ တစ်နေကုန်ရတာ.. Blog ဆိုတာလဲ ကြားသာ ကြားဖူးတယ်။ လက်တွေ့ဆိုလို့ တစ်ခါမှကို မတွေ့ဖူးဘူး။

ကျွန်တော်ကလဲ ရှေ့မှာရေးခဲ့သလိုဘဲ Blog ယဉ်ကျေးမှုအကြောင်း ကောင်းကောင်းကလဲ မသိ ဘာတွေ ရေးသင့်လဲ မရေးသင့်ဘူးလဲ ဆိုတာက မသိ။ ဒါနဲ့ပဲ မျက်စိကိုပဲ အလုပ်ပေးထားပြီး လက်ကို ဘာအလုပ်မှ မပေးဖြစ်ဘူး ကိုကဒေါင်းညင်သာတို့၊ ကိုထိုက်တို့၊ ဆရာမ မေငြိမ်းတို့၊ လင်းလက်ကြယ်စင် တို့၊ ကိုမောင်ရင်တို့၊ ဦးဇာဂနာတို့ အများကြီးပါပဲဗျာကြည့်ဖတ်ဖြစ်တဲ့ Blog တွေဆိုတာ ဒီ Blog တွေကတော့ နေ့တိုင်းဖတ်ဖြစ်တဲ့ Blog တွေပဲပေါ့... Blog တွေ ဖတ်၊ Blog ယဉ်ကျေးမှုကိုလေ့လာနဲ့ ကျွန်တော် ရေးချင်တဲ့ အကြောင်းတွေတောင် မေ့မေ့ကုန်တယ်။ ဒါနဲ့ပဲ မဖြစ်သေးပါဘူးလေ ရေးမှကိုဖြစ်တော့မှာ ဆိုပြီး (ရေးချင်တာကလဲ လက်က အလွန်ယားသကိုး) ဒီ Tittle လေးကို တပ်ပြီးစရေး လိုက်တယ်။

ကျွန်တော်ရေးတဲ့ အကြောင်းအရာတွေမှာ သဘောထားချင်း မတိုက်ဆိုင်တာရှိရင် ကြိုက်သလို ဝေဖန်လို့ရပါတယ် (မပြောလဲလုပ်ကြမှာပဲဟာ နော်)။ နောက်တစ်ခု က ဆဲချင်တဲ့ သူများရှိရင်လည်း ဆဲကြပါ (မျက်နှာပြောင်တယ်ပေါ့နော်)။ နောက်တစ်ခုကတော့ ကျွန်တော် လွတ်လွတ်လပ်လပ် ရေးချင်တဲ့ အတွက် တစ်ခါတလေ စာလုံး အသုံးအနှုန်း ရိုင်းပြသွားခဲ့သည် ရှိသော် ခွင့်လွှတ်ကြပါ (ပေါက်ကွဲပါရစေ)။ လာဖတ်သောသူများအားလုံးကို ရိုသေလေးစားစွာကျေးဇူးတင်ပါတယ်။ တစ်ခုခုများ ရင်ထဲပါသွားခဲ့မယ် ဆိုရင်တော့ Comment လေးထားပေးခဲ့ပါ။ (ဘာမှ ပါမသွားလဲ ရေးခဲ့ရင်ကျေးဇူးတင်မှာပါ)။ နောက်ဆုံး တစ်ခုကတော့ ကျွန်တော်ရဲ့ Blog က Copy Left ပါ။ ဘာ Copy Right မှ မရှိပါဘူး။ ကြိုက်သလိုလုပ် ထင်တိုင်းကျဲ ကြပါခင်ဗျာ.....

Posted in အတွေ့အကြုံများ | 1 comments
ကျွန်တော့် Blog ကိုလာရောက်ကြသူများ...အားလုံးကို ကျေးဇူးအထူး တင်ရှိပါသည်။
ဒါနဲ့ ဒီ Blog ရဲ့ မူရင်း ဒီဇိုင်နာ ကတော့ Steven Wittens and Stefan Nagtegaal. တို့ပဲ ဖြစ်ပါတယ်။ လိပ်စာကတော့ http://acko.net/ ပဲဖြစ်ပါတယ်။